ဂျုဗင်တပ်စ်အသင်းကတော့ လာမယ့်ဘောလုံးရာသီအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားကောင်းနေစေဖို့အတွက် ဝုလ်ဗ်အသင်းရဲ့တိုက်စစ်ကစားသမား ရာအူးဂျီမီနက်ဇ်နဲ့ အာဆင်နယ်ရဲ့တိုက်စစ်ကစားသမား လာကာဇက်တို့ကို ပစ်မှတ်ထားလို့နေပြီး အသင်းရဲ့နည်းပြဟောင်း ဖာဘီယိုကာပယ်လိုကတော့ လာကာဇက်ထက် ဂျီမီနက်ဇ်ကိုသာ အသင်းဆီ ခေါ်ဆောင်စေချင်နေပြီး ဂျီမီနက်ဇ်ကမှ အသင်းရဲ့တိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုအတွက် ဘန်ဇီမာလို တိုက်စစ်အတွဲအဖက်ကောင်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ဂျုဗင်တပ်စ်အသင်းဟာ ပြည်တွင်းမှာတော့ စီးရီးအေချန်ပီယံဆုကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ လိုင်ယွန်အသင်းကို အရေးနိမ့်ပြီး (၁၆)သင်းအဆင့်ကနေ စောစောစီးစီး လှည့်ပြန်သွားခဲ့ရတာကြောင့် အခုနွေစျေးကွက်အတွင်းမှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်လာခဲ့ရတာဖြစ်ပါတယ်။ အသင်းဘက်ကနေ အားဖြည့်ရမယ့်အပိုင်းမှာ တိုက်စစ်ပိုင်းလည်း ပါဝင်လို့နေပြီး အဓိကအားဖြင့် အထောင်တိုက်စစ်ကစားသမားတစ်ယောက်ကို ခေါ်ယူသွားရမှာဖြစ်တာကြောင့် မက္ကဆီကန်တိုက်စစ်မှူး ရာအူးဂျီမီနက်ဇ်ကို ပစ်မှတ်ထားလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Goal

ဂျီမီနက်ဇ်နဲ့ပတ်သက်ပြီး နာမည်ကျော် ဝါရင့်အီတလီလူမျိုး ဘောလုံးနည်းပြကြီး ကာပယ်လိုက “သူက တကယ့်ကို ကစားသမားကောင်းတစ်ယောက်ပါ။ အရည်အချင်းကောင်းတွေ ပုန်းလျှိုးနေတဲ့ ကစားသမားလို့လည်း ပြောလို့ရတယ်။ ရော်နယ်ဒိုနဲ့သာ တွဲဖက်ကစားမယ်ဆိုရင် အကောင်းဆုံးအတွဲအဖက်တွေ ဖြစ်လာနိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဂျုဗင်တပ်စ်အသင်းရဲ့တိုက်စစ်မှာ ရော်နယ်ဒိုအတွက် ကာရန်ဘန်ဇီမာလိုမျိုး ပါတနာကောင်းတစ်ယောက် လိုအပ်နေတယ်လေ။ အဲ့ဒီပါတနာကလည်း ရာအူးဂျီမီနက်ဇ်ပဲ ဖြစ်သင့်တာပါ” လို့ မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွက်ပေါ်ထားခဲ့တဲ့ သတင်းတွေထဲမှာလည်း တိုက်စစ်မှူးရော်နယ်ဒိုကပါ အသင်းရဲ့တိုက်စစ်ပိုင်း ပိုမိုအားကောင်းလာစေဖို့အတွက် ဂျီမီနက်ဇ်ကို ခေါ်ယူပေးဖို့ တောင်းဆိုထားခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဝုလ်ဗ်အသင်းကလည်း သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို သန်း(၉၀)အထိကို အလိုရှိနေတာက ဒီကစားသမားကို ခေါ်ယူချင်နေတဲ့ ဂျုဗင်တပ်စ်အသင်းအတွက် အရမ်းကို ခက်ခဲစေနိုင်ပြီး အသင်းကနေ ရောင်းထုတ်ဖွယ်ရှိနေတဲ့ ကစားသမား(၁)ယောက်လောက်နဲ့ အလိုက်ပေးကမ်းလှမ်းရဖွယ် ရှိနေပါတယ်။