MySport Myanmar

ဖာတီကို ခေါ်ယူဖို့ နေးဗက်စ်ကို အလိုက်ပေးပြီး ကမ်းလှမ်းသွားမယ့် ဝုလ်ဗ်

ဝုလ်ဗ်အသင်းအနေနဲ့ လာမယ့် ဘောလုံးရာသီမှာပါ ဘာစီလိုနာအသင်းနဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ ကိစ္စရပ်တွေ ဆက်လက် လုပ်ဆောင်ဖွယ် ရှိနေပြီး ဘာစီလိုနာ တိုက်စစ်ကစားသမားလေး အန်ဆူဖာတီအတွက် အသင်းရဲ့ ကွင်းလယ်လူ ရူဘင်နေးဗက်စ်ကို အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် လူငယ် တိုက်စစ်ကစားသမားလေး ဖာတီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၄၆)ပွဲအထိ ကစားထားခဲ့ရပေမယ့်လည်း အဲ့ဒီထဲကမှ (၁၄)ပွဲကိုသာ ပွဲထွက် ကစားသမားအဖြစ် ကစားထားခဲ့ရသလို ကျန်တဲ့ ပွဲအများစုမှာတော့ အရန်အဖြစ်နဲ့သာ ပါဝင်ထားရပါတယ်။ ဒီအခြေအနေတွေကြောင့် ဖာတီကိုယ်တိုင် ဘာစီလိုနာကို စွန့်ခွာသွားချင်လာခဲ့ပြီး ဖာတီကိုလည်း ကလပ်အသင်းများစွာက အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ကြပါတယ်။

Photo Credit : Inside Sport

အသက် (၂၀)အရွယ်သာ ရှိနေသေးသူ ဖာတီကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ဝုလ်ဗ်အသင်းလည်း ပါဝင်လာခဲ့ပြီး ဖာတီအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀)အပြင် ဘာစီလိုနာ အလိုရှိနေတဲ့ ပေါ်တူဂီ ကွင်းလယ်လူ နေးဗက်စ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေးသွားဖို့ပါ ပြင်ဆင်လာခဲ့တယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sportskeeda

ဒီကမ်းလှမ်းချက်က ဘာစီလိုနာအတွက် စဉ်းစားစရာ ဖြစ်လာခဲ့ပြီး နေးဗက်စ်က မကြာခင်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့် ကွင်းလယ်လူ ဆာဂျီယိုဘူးစကတ်စ် နေရာမှာ အစားထိုးနိုင်မယ့် ကစားသမား ဖြစ်နေလို့ သေချာ စဉ်းစားလာရနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားဖြစ်သူကတော့ ဝုလ်ဗ်လို အသင်းမျိုးကို ပြောင်းရွှေ့ကစားဖို့ ပယ်ချလာနိုင်တဲ့အတွက် သူရဲ့ စူပါအေးဂျင့် ဂျော့မန်ဒက်စ်က ဖာတီကို ဝုလ်ဗ်အသင်းဆီ ပြောင်းရွှေ့တာက ပုံမှန် ပွဲကစားခွင့်တွေ ရရှိနိုင်ရာ ဒါကို အသုံးချနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း အသင်းတွေဆီ ထပ်မံ ပြောင်းရွှေ့နိုင်လိမ့်မယ်ဆိုပြီး ဖြောင်းဖျလာနိုင်ပါတယ်။ မန်ဒက်စ်ကလည်း ဝုလ်ဗ်အသင်းနဲ့ ကစားသမား အပြောင်းအရွှေ့တွေ အကောင်းဆုံး လုပ်ဆောင်နိုင်တတ်တဲ့ အေးဂျင့်တစ်ဦး ဖြစ်လို့ ဒီ အပြောင်းအရွှေ့ပါ အထမြောက် လုပ်ဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားစဖွယ် ဖြစ်နေပါတယ်။

Exit mobile version