MySport Myanmar

ရူဘင်နေးဗက်စ်ကို ပေါင်သန်း(၁၀၀)နဲ့ ကမ်းလှမ်းမှ လက်လွတ်သွားချင်နေတဲ့ ဘရူနိုလာ့ချ်

ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို မန်ချက်စတာယူနိုက်တက်အသင်း အပါအဝင် ဥရောပထိပ်သီး ကလပ်အသင်းတွေကနေ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပေမယ့် ဝုလ်ဗ်နည်းပြ ဘရူနိုလာ့ချ်ကတော့ သူရဲ့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၀၀)လောက်အထိကို အလိုရှိနေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၅)နျစ်အရွှယ် ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား နေးဗက်စ်ဟာ ဝုလ်ဗ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်သလို ယူနိုက်တက် လီဗာပူးလ် ဘာစီလိုနာ အာဆင်နယ်တို့လို ထိပ်သီးကလပ်အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ရရှိနေရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဒူးဒဏ်ရာပြသာနာကြောင့် မေလလောက်အထိ အနားယူရဖွယ် ရှိနေတဲ့ နေးဗက်စ်ဟာ ၂၀၂၄ခုနှစ်မှာ ဝုလ်ဗ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရမှာဖြစ်ပြီး ဝုလ်ဗ်အသင်းဘက်က သူတို့ကစားသမားနဲ့ သက်တမ်းတိုးဖို့ ပြင်ဆင်လျက် ရှိနေသလို နေးဗက်စ်ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေကလည်း လာမယ့်နွေမှာပဲ အရခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။

Photo Credit : Daily Mail

ပေါ်တိုကစားသမားဟောင်း ရူဘင်နေးဗက်စ်ဟာ ကွင်းလယ်ခံစစ်နေရာမှာ အကောင်းဆုံး ပုံစံမျိုးနဲ့ ကစားနိုင်သူဖြစ်ပြီး ဒီရာသီမှာလည်း အသင်းအတွက် (၃၁)ပွဲ ပါဝင်ထားကာ (၄)ဂိုးသွင်း (၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ နေးဗက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး နည်းပြဘရူနိုလာ့ချ်က “သူ့ကို စိတ်ဝင်စားနေတာက မန်ယူနိုက်တက်လား အခြားအသင်းလားဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်သိတာက ကျွန်တော်တို့မှာ အလွန်ထူးခြားတဲ့ ကစားသမားတစ်ဦး ရှိနေတယ်ဆိုတာပါပဲ။ ဒီရာသီမှာ သူလုပ်ဆောင်ထားတာက အရမ်းကောင်းပါတယ်။ ကျွန်တေ်ာတို့အသင်းရဲ့ ကစားပုံကြောင့် သူပိုကောင်းတဲ့ ကစားသမားမျိုး ဖြစ်လာစေရသလို သူရဲ့ကစားပုံကပါ ကျွန်တော်တို့အသင်းကို မတူညီတဲ့ အဆင့်တစ်ခုစီ ရောက်ရှိစေခဲ့ပါတယ်။ သင့်မှာ ဒီလိုကစားသမားမျိုး ပိုင်ဆိုင်ထားရင် အကောင်းဆုံးက သူရဲ့လစာနဲ့ စာချုပ်သက်တမ်းတွေကို မြှင့်တင်ဖို့ပါပဲ။ ဒီလို ကစားသမားမျိုးကိုလည်း ပေါင်သန်း(၁၀၀)အောက်နဲ့ မဆုံးရှုံးချင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်နည်းပြသစ် ဖြစ်လာတော့မယ့် တန်ဟက်ဂ်က ယူနိုက်တက်အသင်းအတွက် နေးဗက်စ်ကို ပထမ ဦးစားပေး ကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Exit mobile version