ဝုလ်ဗ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသလို့ထားနိုင်တဲ့ စပိန်တောင်ပံကစားသမား အဒမ်မာထရာအိုရေးကို စျေးကွက်အတွင်းမှာ အသင်းကနေ ရောင်းထုတ်သွားချင်နေပေမယ့် ထရာအိုရေးကို ခေါ်ယူချင်နေတဲ့ အသင်းအနေနဲ့ကတော့ ပြောင်းရွေ့ကြေးကို ပေါင်သန်း(၇၀)လောက်အထိ ကမ်းလှမ်းမှသာ ဝုလ်ဗ်အသင်းဘက်က လက်ခံသွားဖွယ်ရှိနေတယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ထရာအိုရေးဟာ အလွန်ကို ပြေးအားကောင်းလှတဲ့ ကစားသမားဖြစ်ပြီး သူရဲ့ဖန်တီးမှုတွေကနေတဆင့်  အသင်းဖော်တွေကို သွင်းဂိုးတွေ ရရှိစေနိုင်သလို သူရဲ့အားပါပြင်းထန်းလှတဲ့ ဂိုးကန်ချက်တွေနဲ့လည်း သွင်းဂိိုးများစွာကို ရယူထားနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ထရာအိုရေးကို ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့က အပြိုင်စိတ်ဝင်စားလို့နေတဲ့အပြင် သူရဲ့အသင်းဟောင်း ဘာစီလိုနာနဲ့ ဘာစီလိုနာရဲ့ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းတို့ကနေလည်း ပစ်မှတ်ထားလို့ ရှိနေကြပါတယ်။

Photo Credit : FotMob

ဝုလ်ဗ်အသင်းက အသင်းမှာ ပုံစံကောင်းပြသလို့နေတဲ့ ထရာအိုရေးကို အသင်းကနေ လုံးဝရောင်းမထုတ်သွားချင်ပေမယ့် ကိုဗစ်ဂယက်ကြောင့် ငွေကြေးပိုင်း ခက်ခဲနေချိန်ဖြစ်လို့ ကစားသမားသစ် ခေါ်ယူရာမှာ အသုံးစရိတ် ပိုကျန်နေစေဖို့အတွက် ထရာအိုရေးကို ရောင်းထုတ်ဖို့ စီစဥ်လာခဲ့ရတာဖြစ်ပါတယ်။ အခုလို အသင်းကနေ ရောင်းထုတ်သွားဖွယ်ရှိနေတဲ့ ထရာအိုရေးကို လီဗာပူးလ်နည်းပြ ယာဂင်ကလော့နဲ့ မန်စီးတီးနည်းပြပတ်ဂွာဒီယိုလာတို့ကနေ အပြိုင်စိတ်ဝင်စားနေကြပြီး ဒီစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။ ခက်တာကတော့ လီဗာပူးလ်အသင်းက ကစားသမားသစ် ခေါ်ယူဖို့အတွက် နွေစျေးကွက်ထဲမှာ ပြောင်းရွေ့ကြေးများစွာ အသုံးပြုဖွယ်မရှိသလို မန်စီးတီးကလည်း ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွေ့သွားတဲ့ လီရွိုင်းဆာနေးရဲ့နေရာအတွက် ဗလင်စီယာအသင်းက တောင်ပံကစားသမားလေး ဖာရန်စ်တောရက်ကို ခေါ်ယူထားနိုင်ခဲ့တာမို့ နောက်ထပ်တောင်ပံကစားသမားတစ်ယောက် ထပ်ခေါ်ယူပါ့မလားဆိုတာ စဥ်းစားစရာ ဖြစ်နေရပါတယ်။ ဒါပေမယ့်လည်း ဝုလ်ဗ်က သူတို့ရဲ့ ကြယ်ပွင့်ကစားသမားအတွက် အနည်းဆုံး ပေါင်သန်း(၆၀)လောက်ရမှ ရောင်းချသွားမှာဖြစ်ပြီး တကယ်လို ထရာအိုရေးကို ရောင်းချဖို့မလွယ်ကူရင်တော့ တိုက်စစ်မှူးရာအူးဂျီမီနက်ဇ်ကိုပဲ ရောင်းချဖွယ်ရှိနေပါတယ်။