ဝုလ်ဗ်အသင်းကတော့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်နောက်ခံလူ ဒေးဗစ်လုဇ်နဲ့ ထိခိုက်မိရင်း ဦးခေါင်းဒဏ်ရာရရှိသွားခဲ့တဲ့ အသင်းရဲ့တိုက်စစ်ကစားသမား ရာအူးယီမီနက်ဇ်ရဲ့နေရာမှာ ရေတိုအစားထိုးသွားဖို့အတွက် မကြာသေးခင်ကမှ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းနဲ့ လမ်းခွဲလိုက်တဲ့ ဘရာဇီးတိုက်စစ်ကစားသမားကြီး ဟော့ခ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖွယ်ရှိနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit  : Youtube

အသက်(၃၄)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားဟော့ခ်ဟာ ရှန်ဟိုင်းSIPG အသင်းမှာ (၄)နှစ်တာအထိ ပါဝင်ကစားခဲ့ပြီး အသင်းနဲ့အတူ တရုတ်စူပါလိဂ် အမှတ်ပေးဖလားနဲ့ တရုတ်အက်အေစူပါလိဂ်ဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဟော့ခ်ဟာ ရှန်ဟိုင်းအသင်းအတွက် ပွဲပေါင်း(၁၅၀)ဝန်းကျင်လောက်အထိ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုးပေါင်းလည်း (၇၀)လောက်အထိကို သွင်းယူထားနိုင်ခဲ့သူဖြစ်လို့ အသင်းဘက်ကနေ သူ့ကို စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းခဲ့ပေမယ့် ဟော့ခ်ဘက်ကနေ ကမ်းလှမ်းချက်ကို လက်မခံခဲ့ပဲ အခြားသော စိန်ခေါ်မှုအသစ်တွေကိုပဲ ရင်ဆိုင်ဖို့အတွက် အသင်းနဲ့ လက်တွဲဖြုတ်ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit : The Sun

ဟော့ခ်ဟာ ဘရာဇီးကလပ် ဗစ်တိုးရီးယားအသင်းနဲ့ စီနီယာကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ဂျပန်ဂျေလိဂ်ကလပ်များစွာမှာ ဖြတ်သန်းဖြစ်ခဲ့ကာ ၂၀၀၈ခုနှစ်အရောက်မှာပဲ ပေါ်တူဂီထိပ်သီးကလပ် ပေါ်တိုအသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဟော့ခ်ဟာ ပေါ်တိုအသင်းမှာ ယူရိုပါလိဂ်ဖလားအပါအဝင် ပေါ်တူဂီအမှတ်ပေးဖလားတွေကိုပါ ရယူနိုင်ခဲ့ပြီး အသင်းနဲ့ (၄)ရာသီ ဖြတ်သန်းဖြစ်ခဲ့ပြီးနောက် ရုရှားထိပ်သီးကလပ် ဇင်းနစ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး ရုရှားမြေမှာလည်း အထိုက်အလျောက် အောင်မြင်နိုင်ခဲ့ပါတယ်။ ဒီလို ပေါ်တူဂီနဲ့ ရုရှားမြေမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဟော့ခ်အနေနဲ့ သူဖြတ်သန်းခဲ့တဲ့ လိဂ်ပြိုင်ပွဲတွေ ကလပ်အသင်းတွေထက် ပိုမိုမြင့်မားတဲ့နေရာကို ပြောင်းရွှေ့ဖို့ အခွင့်အရေး ရခဲ့ပေမယ့်လည်း ၂၀၁၆မှာပဲ တရုတ်စူပါလိဂ်ပြိုင်ပွဲဆီကိုပဲ ပြောင်းရွှေ့သွားခဲ့ပါတယ်။ တရုတ်ဘောလုံးနယ်ပယ်မှာ (၄)နှစ်တာ ကျင်လည်ခဲ့ပြီးနောက်မှာတော့ ဟော့ခ်ဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် ဥရောပဘောလုံးနယ်ပယ်ထဲကို ပြန်သွားချင်နေပြီး ဒီအချိန်မှာလည်း သူ့ကို ဝုလ်ဗ်အပါအဝင် အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ ပစ်မှတ်ထားလို့နေပါတယ်။ ဟော့ခ်ဟာ ရှန်ဟိုင်းမှာ တစ်ပတ်လုပ်ခကို ပေါင်(၄)သိန်းဝန်းကျင်လောက်အထိ ပိုင်ဆိုင်ခဲ့ပေမယ့် အသင်းသစ်ရောက်တဲ့အခါမှာတော့ ဒီလစာရဲ့ ၉၀%လောက်ကို လျော့ချပြီး တစ်ပတ်ပေါင်(၅)သောင်းလောက် လက်ခံဖွယ်ရှိလို့ ဒီပမာဏဟာ ဝုလ်ဗ်အတွက် အတော်လေးကို အဆင်ပြေနိုင်ဖွယ်ရှိပြီး သိပ်မကြာခင်မှာပဲ အပြောင်းအရွှေ့က အထမြောက်လာနိုင်တယ်လို့ Football Insider ကနေ ဖော်ပြထားပါတယ်။