ဒီတစ်ပတ်ရဲ့ ကစားသမားသစ် မိတ်ဆက်အစီအစဉ်မှာတော့ ဒီရက်ပိုင်းလေးအတွင်းမှာပဲ ဝုလ်ဗ်အသင်းဆီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီ ယူ-၁၉ တိုက်စစ်ကစားသမားလေး ဖာဘီယိုဆေးဗားရဲ့အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Birmingham Live

အမည်ရင်း – ဖာဘီယိုဒန်နီရယ်ဆွာရက်စ်ဆေးဗား
မွေးသက္ကရာဇ် – ၁၉ရက် ဇူလိုင် ၂၀၀၂ခုနှစ် (အသက် ၁၈နှစ်)
နိုင်ငံ – ပေါ်တူဂီ
အရပ် – (၆)ပေ(၁)လက်မ
ကစားတဲ့နေရာ – တိုက်စစ်
အသင်းဟောင်း – ပေါ်တို

Photo Credit : Sky Sports

အသက်(၁၈)နှစ်အရွှယ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် ပေါ်တူဂီတိုက်စစ်ကစားသမားလေး ဖာဘီယိုဆေးဗားဟာ သူရဲ့မွေးရပ်မြေက ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပေါ်တိုအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် ဘင်ဖီကာလူငယ်အသင်းဆီကို (၂)နှစ်ရောက်ရှိခဲ့ပြီးနောက်မှ ပေါ်တိုဆီ ပြန်လည်ရောက်လာခဲ့ပါတယ်။ အဲ့ဒီကနေ ပေါ်တို ယူ-၁၉အသင်းအတွက် ပါဝင်ကစားခဲ့ပြီးနောက် ပွဲစဉ်(၂၆)ပွဲမှာ သွင်းဂိုး(၂၀)အထိတောင် သွင်းယူနိုင်ခဲ့လို့ ပေါ်တိုစီနီယာအသင်းအတွက်ပါ ရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit : Twitter

ဖာဘီယိုဆေးဗားဟာ မနှစ်က ဘောလုံးရာသီမှာပဲ သူရဲ့ပေါ်တိုစီနီယာကစားသမားဘဝကို စတင်ခဲ့ရပြီး ပေါ်တူဂီအမှတ်ပေးပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ အထိုက်အလျောက် ပါဝင်ကစားခဲ့ရပါတယ်။ ဖာဘီယိုဆေးဗားဟာ အထောင်တိုက်စစ်နေရာနဲ့ နောက်ချန်တိုက်စစ်နေရာမှာ ပါဝင်ကစားတတ်သူဖြစ်ပြီး Speed နဲ့ Dribbling Skill ကောင်းသလို အဆုံးသတ်ပိုင်းလည်း ကောင်းမွန်သူဖြစ်ကာ ရော်နယ်ဒိုလက်သစ်လို့ပါ တင်စားခေါ်ဆိုခံနေရသူဖြစ်ပါတယ်။ သူက ဆယ်ကျော်သက်ကစားသမားဖြစ်ပေမယ့် ပေါ်တူဂီကစားသမားတွေကိုပဲ နေရာပေးလေ့ရှိတဲ့ ဝုလ်ဗ်အသင်းမှာတော့ နေရာပုံမှန်ရဖို့က သေချာသလောက်ရှိနေပြီး ဘယ်လောက်အထိ တောက်ပနိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာပါ။