ဝုလ်ဗ်အသင်းရဲ့ မက္ကဆီကိုတိုက်စစ်ကစားသမား ရာအူးဂျီမီနက်ဇ်က ပရီးမီးယားလိဂ်ပြိုင်ပွဲကို စတင်ခြေချခဲ့ပြီးနောက်ပိုင်း သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ဆက်တိုက်ပြသနိုင်ခဲ့တာကြောင့် သူ့ကို ဥရောပထိပ်သီးအသင်းတွေကနေ စိတ်ဝင်တစားရှိနေကြပြီး လတ်တလောမှာလည်း မန်ချက်စတာယူနိုက်တက်နဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ ပစ်မှတ်ဖြစ်နေတာကြောင့် ဝုလ်ဗ်ဘက်ကနေ သူတို့ကစားသမားအတွက် တန်ကြေးကို ယူရိုသန်းတစ်ရာအထိ သတ်မှတ်လိုက်ပါတယ်။

Photo Credit : Milenio

အသက်(၂၉)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ မက္ကဆီကိုလက်ရွေးစင် တိုက်စစ်ကစားသမား ဂျီမီနက်ဇ်ဟာ ဝုလ်ဗ်အသင်း ပရီးမီးယားလိဂ်ကို တန်းပြန်တတ်လာခဲ့တဲ့ ၂၀၁၈ခုနှစ်မှာပဲ ဘင်ဖီကာအသင်းကနေ ဝုလ်အသင်းဆီကို တစ်ရာသီအငှားနဲ့ လာရောက်ကစားခဲ့ရင်း အသင်းရဲ့တိုက်စစ်မှာ ခြေစွမ်းပြနိုင်ခဲ့လို့ သူ့ကို ဝုလ်ဗ်က အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်သွင်းဂိုး (၁၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲဲ့ ဂျီမီနက်ဇ်ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အပြင် စီးရီးအေရဲ့ လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းကပါ အပြိုင်စိတ်ဝင်စားနေကြပြီး ဝုလ်ဗ်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့်ကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားချင်နေပါတယ်။

Photo Credit :  Mediotempo

ဒါပေမယ့် ဒီအသင်းတွေဘက်ကနေသာ အမှန်တကယ် အလိုရှိလာခဲ့မယ်ဆိုရင်တော့ ဂျီမီနက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်းတစ်ရာ ပေါင်(၉၅)သန်းလောက်အထိ ကမ်းလှမ်းမှသာ ရောင်းထုတ်သွားမယ်လို့ ဝုလ်ဗ်အသင်းက တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။ ဂျီမီနက်ဇ်ဟာ ဝုလ်ဗ်အသင်းနဲ့ (၄)နှစ်စာချုပ်အထိကို ချုပ်ဆိုထားခဲ့သူဖြစ်ပြီး သူရဲ့စာချုပ်သက်တမ်းအရ ၂၀၂၃ခုနှစ်မှသာ ကုန်ဆုံးမှာဖြစ်လို့ ဝုလ်ဗ်ဘက်ကနေ ဂျီမီနက်ဇ်အတွက် အခုလို စျေးမြှင့်တောင်းဆိုထားရတာဖြစ်ပါတယ်။ အထောင်တိုက်စစ်မှူးတစ်ယောက် လိုအပ်နေတဲ့ ဂျုဗင်တပ်စ်အသင်းကတော့ ဂျီမီနက်ဇ်အတွက် ယူရိုသန်းတစ်ရာနဲ့ ကမ်းလှမ်းဖွယ်မရှိပဲ ပြောင်းရွှေ့ကြေးအထိုက်အလျောက်နဲ့အတူ အသင်းက ကစားသမား(၂)ယောက်လောက်နဲ့ အလိုက်ပေးကမ်းလှမ်းမှုကို လုပ်ဆောင်ချင်နေပါတယ်။ ဒီတန်ကြေးအရဆိုရင်တော့ ဂျီမီနက်ဇ်ကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်လည်း လက်လျှော့သွားနိုင်ပြီး အခြားလူငယ်တိုက်စစ်မှူးတစ်ယောက်ယောက်ကိုသာ ပြောင်းလဲပစ်မှတ်ထားလာနိုင်ပါတယ်။ ဂျီမီနက်ဇ်အနေနဲ့ ဒီညမှာ ကစားရမယ့် ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၁)မှာလည်း ဝုလ်ဗ်ရဲ့တိုက်စစ်ကို ဦးဆောင်လာမှာဖြစ်ပြီး သွင်းဂိုးတွေလည်း ဆက်လက်သွင်းယူဖွယ်ရှိနေပါတယ်။