ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လီဗာပူးလ်အသင်းရဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဂျော်ဂျီနီအိုဝိုင်နယ်ဒန်ဟာ လက်ရှိမှာ အသင်းနဲ့ စာချုပ်သစ်ကိစ္စ ကြန့်ကြာလျက်ရှိနေသလို လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖွယ်ရှိနေတဲ့အတွက် သူ့ကို ဘာစီလိုနာ အင်တာမီလန်အသင်းတွေအပြင် ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်အသင်းကပါ ပစ်မှတ်ထားနေတယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Juvefc

အသက်(၃၀)အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ဟာ လီဗာပူးလ်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံလိဂ်ဆုဖလားတို့လို အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝိုင်နယ်ဒန်ကို လီဗာပူးလ်အသင်းဘက်က စာချပ်သစ်ချုပ်ဆိုဖို့အတွက် ကြန့်ကြာနေသလို ကစားသမားကိုယ်တိုင်ကလည်း အသင်းနဲ့ လက်တွဲဖြုတ်ဖို့အထိ စဉ်းစားလာခဲ့တာကြောင့် ဒီလို အရည်အသွေးမြင့် ကစားသမားတစ်ယောက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် ကလပ်အသင်းများစွာကနေ မျက်စိကျလာခဲ့ပါတော့တယ်။

Photo Credit : Sky Sports

ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ကို သူနဲ့ နယ်သာလန်လက်ရွေးစင်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြရော်နယ်ကိုးမန်းရဲ့ လက်ရှိကလပ်အသင်း ဖြစ်လို့နေတဲ့ ဘာစီလိုနာအသင်းကနေ ခေါ်ယူချင်နေပြီး ပြီးခဲ့တဲ့နွေစျေးကွက်မှာကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အသင်းရဲ့ဘဏ္ဍာရေးပိုင်းက တောင့်တင်းမှု ရှိမနေတာကြောင့် ခက်ခဲနေခဲ့ရကာ နောက်ဆုံးတော့ ကမ်းလှမ်းမှုကို အဆုံးသတ်ခဲ့လိုက်ရပါတယ်။ ဒါပေမယ့် လီဗာပူးလ်ဘက်ကနေသာ ဝိုင်နယ်ဒန်ကို စာချုပ်သစ်အတွက် ကမ်းလှမ်းမှု သေချာမလုပ်ဆောင်နိုင်ခဲ့ရင် ဒါမှမဟုတ် ဝိုင်နယ်ဒန်ဘက်ကလည်း စာချုပ်သစ် ကမ်းလှမ်းမှုကိ လက်မခံခဲ့ရင်တော့ လာမယ့်နွေစျေးကွက်ထဲမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်မယ့် အခွင့်အရေးကို ဘာစီလိုနာဘက်က ပယ်ချသွားမှာ မဟုတ်သလို သူ့ကို စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေကလည်း ဝိုင်နယ်ဒန်ကို အရခေါ်ယူနိုင်အောင် ကမ်းလှမ်းကြမှာ သေချာပါတယ်။ Gazetta dello Sport ရဲ့ ဖော်ပြချက်မှာလည်း ဝိုင်နယ်ဒန်ကို ဝုလ်ဗ်အသင်းဘက်ကနေ စိတ်ဝင်စားလို့နေပြီး လီဗာပူးလ်နဲ့ ဝုလ်ဗ်ကြားမှာလည်း ဂျိုတာရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆက်ဆံရေးကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် အပြောင်းအရွှေ့က အထမြောက်လာနိုင်ခြေရှိတယ်လို့ပါ သုံးသပ်နေကြပါတယ်။