ဝုလ်ဗ်အသင်းကတော့ အသင်းရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ ရာအူးယီမီနက်ဇ် ဦးခေါင်းဒဏ်ရာကြောင့် အနားယူနေရတဲ့အချိန် အသင်းရဲ့တိုက်စစ်ပိုင်းက အင်အားတောင့်တင်းနေစေဖို့အတွက် လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ တိုက်စစ်ကစားသမားတစ်ယောက်ကို အသင်းဆီ ခေါ်ဆောင်သွားဖို့ ပြင်ဆင်လျက်ရှိနေပြီး တိုက်စစ်မှူးများစွာနဲ့ သတင်းတွေ ထွက်ပေါ်နေသလို အင်္ဂလန်အခြေစိုက် The Athletic သတင်းမီဒီယာရဲ့ဖော်ပြချက်တွေအရ ဝုလ်ဗ်အနေနဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒီဗေါ့အော်ရီဂီကိုပါ ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sportmole

အသက်(၂၅)နှစ်အရွှယ်ရှိ ဘယ်ဂျီယံတိုက်စစ်ကစားသမားအော်ရီဂီဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၇)ပွဲသာ ပါဝင်ကစားထားခဲ့ရပြီး ပရီးမီးယားလိဂ်ဘက်မှာဆိုရင် စုစုပေါင်း (၇)မိနစ်လေးပဲ ပါဝင်ကစားထားရတာဖြစ်ပါတယ်။ အော်ရီဂီဟာ လီဗာပူးလ်အတွက်လည်း လင်ကွန်းစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ လိဂ်ဖလားပွဲစဉ်မှာပဲ သွင်းဂိုးတစ်ဂိုးကို ရယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေရှိနေတဲ့ အော်ရီဂီကို လီဗာပူးလ်အသင်းဘက်က လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ အသင်းကနေ ရောင်းချသွားချင်နေကာ သူ့ကိုလည်း ဝုလ်ဗ်အသင်းဘက်ကနေ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Photo Credit : Irish Mirror

အော်ရီဂီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း(၄၀)ကျော်အထိကို ပါဝင်ကစားရပေမယ့်လည်း တစ်ရာသီလုံးမှာ သွင်းဂိုး(၆)ဂိုးပဲ သွင်းယူထားနိုင်ခဲ့လို့ အသင်းဘက်ကနေ သူရဲ့စွမ်းဆောင်ရည်အပေါ် စိတ်ပျက်လို့နေပြီး အော်ရီဂီကို အသင်းကနေ အပြီးသတ်ရောင်းချချင်နေတာဖြစ်ပါတယ်။ အော်ရီဂီဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပေမယ့် အော်ရီဂီရဲ့ Performance ကျဆင်းနေမှုနဲ့ ပွဲထွက်ခွင့်နည်းပါးနေမှုတွေကြောင့် သူရဲ့တန်ကြေးက ကျဆင်းလျက်ရှိနေပြီး အများဆုံး ပေါင်(၁၅)သန်းလောက်သာ ရှိနေတော့တဲ့အတွက် ကလပ်အသင်းများစွာက အော်ရီဂီကို လာမယ့်ဆောင်းစျေးကွက်အတွင်းမှာ ကမ်းလှမ်းလာကြဖွယ် ရှိနေပါတယ်။ ဒီအသင်းတွေထဲမှာ တိုက်စစ်ကစားသမား လိုအပ်နေတဲ့ ဝုလ်ဗ်အသင်းလည်း ပါဝင်လို့နေပြီး အော်ရီဂီကိုယ်တိုင်ကလည်း ဒီနှစ်ဘောလုံးရာသီအကုန်မှာ ကျင်းပသွားမယ့် ၂၀၂၀ ယူရိုပြိုင်ပွဲကြီးအတွင်း ဘယ်ဂျီယံလက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ဆင်နွဲရဖို့အတွက် ပုံမှန်ကစားခွင့်ရမယ့် ကလပ်အသင်းတစ်သင်းဆီ ပြောင်းရွှေ့ကစားချင်နေပါတယ်။