အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်ဖြစ်တဲ့ ဝုလ်ဗ် အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ တိုက်စစ် ကစားသမားဟောင်း ဖြစ်သူ ဒီယေဂို ကော်စတာ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။ စပိန် တိုက်စစ်ကစားသမား တစ်ဦး ဖြစ်သူ ကော်စတာ ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာလေးတွေကြောင့် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၇ သောင်း ရရှိနေတဲ့ စာချုပ်ကို ဖျက်သိမ်းပေးဖို့ အက်သလက်တီကို မက်ဒရစ် အသင်းကို တောင်းဆိုခဲ့တာ‌ကြောင့် အသင်းဘက်ကနေလည်း အင်္ဂါနေ့က နှစ်ဦးသဘောတူညီမှုနဲ့ စာချုပ်ကို ဖျက်သိမ်းပေးခဲ့ပါတယ်။ အဆိုပါ အခြေအနေကြောင့် ကော်စတာ ကို လာမယ့် ဆောင်းဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်တာကြောင့် အသင်းတော်တော်များများက စိတ်ဝင်စားနေကြပြီးတော့ ထိုအထဲမှာ ဝုလ်ဗ် အသင်းလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

Photo Credit: The Sun

ဝုလ်ဗ် အသင်းက သူတို့ ရဲ့ အဓိက တိုက်စစ်ကစားသမား ဖြစ်သူ ရာအူး ဂျီမီနက်ဇ်ဟာ နိုဝင်ဘာလကုန်လောက်က ကစားခဲ့တဲ့ အာဆင်နယ် အသင်းနဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ကစားသမား ဒေးဗစ် လုဇ် နဲ့ ထိခိုက်မိခဲ့ပြီး ဦးခေါင်းခွံ ကျိုးပဲ့သွားတာကြောင့် ဒီရာသီ အသင်းရဲ့ ပွဲစဉ် အတော်များများကို လွဲချော်နေတာကြောင့် နည်းပြ ဆန်းတို့စ် အနေနဲ့ လာမယ့် အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းကို ပိုမို မြှင့်တင်ဖို့ အတွက် ကော်စတာ ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဝုလ်ဗ် အသင်း ရဲ့ အခုလက်ရှိ အထောင် တိုက်စစ်ပိုင်းမှာ အသက် ၁၈ နှစ်အရွယ် လူငယ် ကစားသမားလေး ဖာဘီအို ဆေးလ်ဗား ရှိနေပေမယ့်လည်း ဖာဘီအို ဟာ ဂျီမီနက်ဇ် ရဲ့ နေရာမှာ ဝင်ကစားရတဲ့ အချိန်က စတင်ပြီး သွင်းဂိုး တစ်ဂိုးသာ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။

Photo Credit: The Sun

နည်းပြ ဆန်းတို့စ် ရဲ့ ဝုလ်ဗ်အသင်းဟာ ဂျီမီနက်ဇ် ဒဏ်ရာ ရပြီးနောက်ပိုင်း ကစားတဲ့ ၆ ပွဲမှာ ၃ ပွဲအထိ ဂိုးပေါက် ပျောက်ဆုံးနေတာကြောင့် ပေါ်တူဂီလူမျိုးနည်းပြ ဆန်းတို့စ် အနေနဲ့ ဇန်နဝါရီမှာ အင်အားထပ်ဖြည့်ချင်နေတာ ဖြစ်ကာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် ကော်စတာ က ရွေးချယ်စရာ ကစားသမား တစ်ဦးဖြစ်လာတာ ဖြစ်ပါတယ်။ ဒီယေဂို ကော်စတာ ဟာ ချယ်လ်ဆီး အသင်းမှာ သုံးရာသီ ကစားခဲ့ဖူးပြီးတော့ အောင်မြင်မှုတွေ ရရှိထားတာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမား တစ်ဦးလို့ ဆိုရပါမယ်။ ကော်စတာ ဟာ ချယ်လ်ဆီး အသင်းမှာ ကစားစဉ်က နည်းပြ ဟိုဆေး မော်ရင်ဟို နဲ့ အန်တိုနီယို ကွန်တီ တို့ ရဲ့ လက်အောက်မှာ ကစားခဲ့ဖူးပြီး သူ့ရဲ့ ပထမဆုံး ရာသီ နဲ့ နောက်ဆုံး ရာသီတွေမှာ ချယ်လ်ဆီး အသင်းကို ပရီးမီးယားလိဂ် ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ကော်စတာဟာ အဆိုပါ ရာသီတွေမှာလည်း ချယ်လ်ဆီး အသင်းရဲ့ သွင်းဂိုး အများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းအတွက် ပွဲပေါင်း ၁၂၀ မှာ သွင်းဂိုး ၅၉ ဂိုး သွင်းယူပေးခဲ့ပြီးတော့ စပိန် အသင်းအတွက်လည်း ၂၄ ပွဲကစားပေးထားအပြီး ၁၀ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။