၂၀၂၃ အာရှဖလားပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြိုင်ပွဲဝင်အသင်းတွေရဲ့ ကစားသမားစာရင်းများကို ထုတ်ပြန်လာရမှာ ဘောလုံးပရိသတ်တွေ စိတ်ဝင်အစားဆုံး ဖြစ်နေရတာက ပရီးမီးယားလိဂ်က ဝုလ်ဗ်အသင်းမှာ ပါဝင်နေတဲ့ အင်ဒိုနီးရှား ကစားသမားလေး ဂျက်စတင် ဟူဘနာပဲ ဖြစ်ပါတယ်။

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ အင်ဒို ခံစစ်ကစားသမားလေး ဟူဘနာဟာ အင်ဒိုနိုင်ငံသား ဖခင် နဲ့ နယ်သာလန် နိုင်ငံသူ မိခင်တို့ကနေ နယ်သာလန်နိုင်ငံမှာပဲ မွေးဖွားလာခဲ့သူဖြစ်ပြီး နယ်သာလန် ကလပ်အသင်းတချို့မှာ ပါဝင်ခဲ့ဖူးသလို နယ်သာလန် ယူ-၂၀မှာပါ ပွဲ (၂၀)အထိ ပါဝင်ခဲ့ပါသေးတယ်။

Photo Credit : Britain Bola

ဒါပေမယ့် ဟူဘနာကတော့ လက်ရွေးစင်အသင်း ရွေးချယ်ရာမှာ ဖခင်ဖြစ်သူ အင်ဒိုနီးရှားကိုပဲ ကိုယ်စားပြုဖို့ ရွေးချယ်ခဲ့ပြီး (၂)ရက်နေ့က လစ်ဗျားအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ဒုတိယပိုင်း ပွဲချိန်အတွင်း အင်ဒိုအတွက် ပွဲဦးထွက် ပါဝင်ထားခဲ့ပါတယ်။

အခုဆိုရင်လည်း ဟူဘနာဟာ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၃ အာရှဖလားပြိုင်ပွဲအတွက် အင်ဒိုနီးရှား လူစာရင်းမှာပါ ပါဝင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားက ဂျပန် အီရတ် ဗီယက်နမ်တို့လို တကယ့် ဒိတ်ဒိတ်ကြဲ အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေလို့ အုပ်စုကနေ နောက်တစ်ဆင့် တက်ဖို့ကတော့ ခက်ခဲနိုင်ပါတယ်။

Photo Credit : Goal

ဒီကစားသမားလေးက အထက်မှာ ဖော်ပြထားသလို ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်အသင်းရဲ့ ကစားသမားတစ်ဦး ဆိုပေမယ့်လည်း ဝုလ် ယူ-၂၁အသင်းအတွက်ကိုသာ ကစားပေးနေရပြီး စီနီယာအသင်းအတွက် ပွဲထွက်ခွင့် မရသေးသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဟူဘနာက အာဆင်နယ် နဲ့ ဝုလ်ဗ်အသင်းတို့ ဒီရာသီထဲမှာ ကစားသွားခဲဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာတော့ ဝုလ်ဗ်ရဲ့ အရန်ကစားသမားစာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာခဲ့ရပြီး ပွဲကစားခွင့်တော့ မရရှိခဲ့ပါဘူး။