ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းတွေထဲက တသင်း ဖြစ်တဲ့ ဝုလ်ဗ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ပွဲစဉ်မှာ အိမ်ရှင် ချယ်လ်ဆီးကို ၂-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ကစားခဲ့ပြီးနောက် သူတို့အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် အဖြစ် စတမ်းဖို့ဒ် ဘရေ့ချ်မှာ ပရီးမီးယားလိဂ်နိုင်ပွဲ ရရှိခဲ့ကြောင်း သိရှိရပါတယ်။

ချယ်လ်ဆီးနဲ့ ဝုလ်ဗ်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၂၃) အဖြစ် ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထည့်သွင်း အသုံးပြုကာ အနိုင်ရရှိရေး အတွက် ဦးတည် ကစားခဲ့ကြပါတယ်။

Photo Credit: 90 Min

ပွဲအစ ၁၉မိနစ်မှာ ချယ်လ်ဆီး တောင်ပံတိုက်စစ် ကစားသမား ပါလ်မာက ကိုင်စီဒိုရဲ့ လှပတဲ့ မျှောထိုးပေးပို့မှုကို အကောင်းဆုံး အဆုံးသတ်ကာ အိမ်ရှင်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုး ရရှိပြီးနောက် ချယ်လ်ဆီးက ပွဲကို ထိန်းချုပ် ကစားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကိုင်စီဒိုရဲ့ အမှားကနေ ပွဲချိန် ၂၂မိနစ်မှာပဲ ကွန်ညာက ဝုလ်ဗ်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

တဖက် တဂိုးစီ သရေကျနေပြီးနောက် ချယ်လ်ဆီးနဲ့ ဝုလ်ဗ်တို့ နှစ်သင်းစလုံးက ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ကြပြီး ပွဲချိန် ၄၃မိနစ်မှာ တန်ပြန်တိုက်စစ် ကနေ တဆင့် ဝုလ်ဗ်က ဒုတိယမြောက် ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အိမ်ရှင် ချယ်လ်ဆီးက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ဖို့ တိုက်စစ်မြှင့်ခဲ့ပေမယ့် ချယ်လ်ဆီးရဲ့ ခံစစ်တန်းက ဝုလ်ဗ်ရဲ့ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် ပွဲချိန် ၆၃မိနစ်မှာ ကွန်ညာက ဝုလ်ဗ်အတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Euro Sports

၁-၃ ဖြစ်သွားပြီးချိန်မှာ ဝုလ်ဗ်ကသာ ချယ်လ်ဆီးဘက်ကို တိုက်စစ်ဆင်မှုတွေ ဆက်တိုက် လုပ်ခဲ့ပြီး ပွဲချိန် ၈၀မိနစ်မှာ ချယ်လ်ဆီး ညာနောက်ခံလူ ဂူစတိုက ကွန်ညာကို ဂိုးဧရိယာအတွင်းမှာ ဖျက်ထုတ်ခဲ့ရာ ကနေ ဝုလ်ဗ်တို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ကာ အဆိုပါ ပင်နယ်တီကို ကွန်ညာကပဲ အကောင်းဆုံး အဆုံးသတ် ကန်သွင်းပြီး ဟက်ထရစ် ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၆မိနစ်မှာတော့ ဝါရင့် ဗဟိုနောက်ခံလူ သီယာဂို ဆေးလ်ဗားက ချယ်လ်ဆီးအတွက် သိက္ခာဆယ် ချေပဂိုး တဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ချယ်လ်ဆီးကို အနိုင်ရခဲ့တာကြောင့် ဝုလ်ဗ်က ပွဲစဉ် (၂၃) အပြီးမှာ ရမှတ် ၃၂မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)နေရာဆီ တက်လှမ်းနိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ ချယ်လ်ဆီးကတော့ အဆင့်(၁၁) နေရာဆီ ဆင်းပေးခဲ့ရပါတယ်။