ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့ပေမယ့် ယူရိုပါလိဂ်ဝင်ခွင့်ကိုတော့ (၂)နှစ်ဆက်တိုက် ရယူနိုင်ဖို့ အခြေအနေကောင်းနေတဲ့ ဝုလ်ဗ်အသင်းနဲ့ ရမှတ်လိုအပ်ချက်မရှိတော့ပဲ (၆)ပွဲဆက်တိုက် အရေးနိမ့်ထားတဲ့အထိ ပုံစံပျက်နေရတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ ဒီနေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇)အဖြစ် တွေ့ဆုံခဲ့ကြပြီး ဝုလ်ဗ်အသင်းက (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဝုလ်ဗ်အသင်းဘက်မှာ ဂျီမီနက်ဇ် ထရာအိုရေး ပိုဒန့်စ် ဒိုဟာသီ နီးဗက်စ် မော်တင်ဟို ဂျွန်နီ ဒန်ဒွန်ကာ ကိုအာဒီ ဘိုလီ ပက်ထရစ်စီယိုတို့နဲ့ ပွဲထွက်လာခဲ့ပြီး ပဲလေ့စ်အသင်းဘက်မှာလည်း ဇာဟာ အယူး မက်အာသာ တောင်ဆန် မက္ကာသီ ရှလက် မစ်ချယ် ဆာခို ဒန်း ဂျိုးဝက်စ်နဲ့ ဂွီတာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းပါ အတော်လေးကျဆင်းနေတဲ့ ပဲလေ့စ်က ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာ ဝုလ်ဗ်ကို အကောင်းဆုံးတုန်ပြန်ကစားထားနိုင်ခဲ့ပြီး တိုက်စစ်ဆင်ခဲ့တဲ့ အရေအတွက်လည်း ပိုမိုခဲ့ပေမယ့် ဒီရာသီ အသင်းမှာ အားအနည်းဆုံးအပိုင်းဖြစ်နေတဲ့ တိုက်စစ်ပိုင်းကြောင့် သွင်းဂိုးမရခဲ့သလို ပထမပိုင်းပြီးခါနီးမှာလည်း ဝုလ်ဗ်တောင်ပံကစားသမား ပိုဒန့်စ်ရဲ့အဖွင့်ဂိုးကိုပါ ခွင့်ပြုခဲ့ရပါတယ်။

Photo Credit : Getty Image

ဝုလ်ဗ်အသင်းက ဦးဆောင်ဂိုးတစ်ဂိုးလောက် သွင်းယူထားခဲ့ပြီးတာနဲ့ ပွဲပြီးတဲ့အထိ အနိုင်ရလဒ်ကို ဆက်လက်ထိန်းထားနိုင်တဲ့ အသင်းမျိုးဖြစ်ပြီး ဒုတိယပိုင်းမှာလည်း သူတို့အသင်းကပဲ ဦးဆောင်ထားမှုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ကစားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန်(၆၈)မိနစ်မှာတော့ တောင်ပံကစားသမား ထရာအိုရေးရဲ့ညာခြမ်းကနေ ထိုးဖောက်မွှေနှောက်မှုတဆင့် ဂျွန်နီက အကောင်းဆုံးပုံစံနဲ့ ပိတ်သွင်းရင်း ဒုတိယဦးဆောင်ဂိုးကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။