Birmingham Live သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ ပရီးမီးယားလိဂ် ကလပ်အသင်း ဝုလ်ဗ်ဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ ဘောလုံးသမား အပြောင်းအရွှေ့စျေးကွက်အတွင်း လိုက်ပ်ဇစ်အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကိုရီးယား တိုက်စစ်ကစားသမား ဟွမ်ဟီချန်ကို အပြီးသတ် ခေါ်ယူသွားဖို့နဲ့ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ ပေါ်တူဂီကြယ်ပွင့် ရီနာတိုဆန်းချက်စ်ကိုပါ အရခေါ်ယူဖို့အတွက် ထပ်မံကမ်းလှမ်းချက်တွေ လုပ်ဆောင်သွားမယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

ပြင်းထန်လှတဲ့ ကစားဟန်ကြောင့် (Bull) လို့ နာမည်ပြောင်ပေးထားခံရတဲ့ အသက်(၂၅)နှစ်အရွှယ်ရှိ တောင်ကိုရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား ဟွမ်ဟီချန်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်း ဘွန်ဒစ်လီဂါ ထိပ်သီးကလပ် လိုက်ပ်ဇစ်အသင်းကနေ ဝုလ်ဗ်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၇)ပွဲ ကစားလို့အပြီး သွင်းဂိုး(၄)ဂိုး သွင်းယူထားကာ ခြေစွွမ်းပြသထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ဟွမ်ဟီချန်ကို ဝုလ်ဗ်အသင်းက အငှားကနေ အပြီးသတ် ခေါ်ယူသွားဖို့ ဆန္ဒရှိလာတဲ့အတွက် လာမယ့် ဆောင်းစျေးကွက် ဖွင့်လှစ်ချိန်မှာပဲ လိုက်ပ်ဇစ်အသင်းကနေ အပြီးသတ် ခေါ်ယူနိုင်ရေးကို လုပ်ဆောင်ဖွယ် ရှိလို့နေပါတယ်။

Photo Credit : Ligue 1

ဒါ့အပြင် ဝုလ်ဗ်အသင်းဟာ ဆောင်းရာသီစျေးကွက်ထဲမှာပဲ နောက်ထပ် ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုအဖြစ် ယူရို-၂၀၂ဝပြိုင်ပွဲမှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ လိုင်လီကွင်းလယ်လူ ရီနာတိုဆန်းချက်စ်ကိုပါ ကမ်းလှမ်းမှုတွေ ထပ်မံလုပ်ဆောင်ဖို့ ရှိနေပါတယ်။ ယူရို-၂၀၁၆ နဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဆန်းချက်စ်ကို ဝုလ်ဗ်အသင်းအပါအဝင် အသင်းဟောင်း ဘိုင်ယန်မြူးနစ် လီဗာပူးလ်နဲ့ ဘာစီလိုနာအသင်းတွေကပါ စိတ်ဝင်စားခဲ့ကြတာဖြစ်ပြီး ဝုလ်ဗ်အသင်းကလည်း ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက ဆန်းချက်စ်နဲ့ သတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲ့ပါသေးတယ်။ ဝုလ်ဗ်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက အသင်းရဲ့ ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းချခဲ့ရဖို့ နီးစပ်ခဲ့တဲ့အတွက် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဆန်းချက်စ်ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့်လည်း နေးဗက်စ်က အသင်းမပြောင်းဖြစ်တဲ့အတွက် ဆန်းချက်စ်ကို ခေါ်ယူရေးက လက်လျော့လိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အသင်းရဲ့ လူအင်အား တောင့်တင်းဖို့အတွက် ဆန်းချက်စ်ကို ပြန်လည်အလိုရှိလာခဲ့တာဖြစ်ပြီး ကမ်းလှမ်းမှုတွေကို အသေအချာ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။