MySport Myanmar

မန်ယူနဲ့ လမ်းခွဲတော့မယ့် ဘစ်ဆာခါကို ဝုလ်ဗ် ဝက်စ်ဟမ်း ပဲလေ့စ်တို့ စိတ်ဝင်စားနေ

လာမယ့် အပြောင်းအရွှေ့ဈေးကွက်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သေချာပေါက် လက်တွဲဖြုတ်သွားတော့မယ့် ညာနောက်ခံကစားသမား အာရွန်ဝမ်ဘစ်ဆာခါကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ ဝုလ်ဗ် ဝက်စ်ဟမ်းနဲ့ ဘစ်ဆာခါရဲ့ အသင်းဟောင်း ခရစ္စတယ်ပဲလေ့စ်အသင်းတို့က ခေါ်ယူသွားဖို့ အပြိုင် စိတ်ဝင်စားနေကြတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၅)နှစ်အရွယ်ရှိ အင်္ဂလန် ညာနောက်ခံလူ ဘစ်ဆာခါဟာ ၂၀၁၉ခုနှစ်မှာပဲ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ အပိုဆုကြေး အပါအဝင် ပေါင်သန်း(၅၀)နဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဘစ်ဆာခါဟာ သူရဲ့ ယူနိုက်တက် ကစားသမားဘဝ (၂)ရာသီ ဆက်တိုက်လုံးမှာ ပွဲပေါင်း(၁၀၀)အထိ ကစားခဲ့ရပေမယ့်လည်း ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ဘစ်ဆာခါက တစ်ရာသီလုံးမှာ ပရီးမီးယားလိဂ် ပွဲ(၂၀)နဲ့ တစ်ရာသီလုံးမှာ (၂၆)ပွဲသာ ကစားခဲ့ရတော့သလို ဒီရာသီမှာလည်း စုစုပေါင်း (၄)မိနစ်သာ ကစားထားခဲ့ရပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်အသင်းကို နည်းပြအဲရစ်တန်ဟက်ဂ် ကိုင်တွယ်ချိန်မှာ အသင်းရဲ့ ညာခြမ်းခံစစ်ပိုင်းအတွက် ဘစ်ဆာခါထက် ပေါ်တူဂီ right-back ကစားသမား ဒါလော့ကိုသာ နေရာပေးခဲ့ပြီး အခုလည်း ဒါလော့ကို စာချုပ်သက်တမ်း တိုးမြှင့်ကာ ဘစ်ဆာခါကို အသင်းကနေ ရောင်းထုတ်ဖို့အထိ ပြင်ဆင်လာခဲ့ပါတယ်။ ဒီအချိန်မှာ ဘစ်ဆာခါကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ ဝုလ်ဗ် ဝက်စ်ဟမ်းနဲ့ ပဲလေ့စ်အသင်းတို့က စိတ်ဝင်စားလာခဲ့ပြီး မကြာသေးခင်က ရက်ပိုင်းကလည်း ဝက်စ်ဟမ်းအသင်းက ဘစ်ဆာခါကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူသွားချင်နေတယ်လို့ သတင်းထွက်လာခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ညာခြမ်းခံစစ်အတွက် ကစားသမားတစ်ဦးကို ပြန်လည် အားဖြည့်သွားဖို့ ရှိနေတဲ့အတွက် ဘစ်ဆာခါကို အငှားချမယ်ဆိုရင်တောင် အပြီးသတ် ခေါ်ယူခွင့်ကိုပါ တစ်ပါတည်း ထည့်သွင်း ကမ်းလှမ်းမယ့် အသင်းကိုသာ လက်ခံသွားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ အင်တာမီလန်အသင်းရဲ့ နယ်သာလန် ညာနောက်ခံလူ ဒမ်ဖရိုင်းစ်ကို အလိုရှိနေပြီး ချယ်လ်ဆီးကလည်း ဒီကစားသမားကို ပစ်မှတ်ထားနေတာကြောင့် အပြိုင် ကမ်းလှမ်းရဖွယ်လည်း ရှိနေပါတယ်။

Exit mobile version