ဒီနေ့ သောကြာနေ့ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)ရဲ့လက်ကျန်ပွဲစဉ်တွေထဲကမှ ဘောလုံးဝါသနာရှင်ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ရတဲ့ ဝုလ်ဗ်အသင်းနဲ့ လက်စတာအသင်းတို့ပွဲကတော့ တကယ့်ကို အကြိတ်အနယ်ရှိခဲ့တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ရပြီး ဧည့်သည်လက်စတာဘက်ကနေ ကစားသမားတစ်ယောက် ထုတ်ပယ်ခံရပေမယ့်လည်း ဝုလ်ဗ်ဆီကနေ ဂိုးမရှိသရေနဲ့ တတိူစ်မှတ်ရအောင် ယူဆောင်သွားခဲ့ပါတယ်။

Photo Credit : Getty Images

ဝုလ်ဗ်အသင်းကတော့ ၃-၄-၂-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ဂျီမီနက်ဇ် ဂျိုတာ နက်တို နီဗက်စ် ကိုအာဒီ ဘိုလီ ပက်ထရစ်စီယိုတို့လို အမာခံကစားသမားတွေကို အသုံးပြုလာခဲ့ပါတယ်။ လက်စတာအသင်းဘက်မှာလည်း ဗာဒီ ဟာဗေးဘမ်းစ် ပီရက်ဇ် တိုင်လီမန်းစ် မက်ဒီဆန် ချောင်ဒရီ ချီဝဲလ် ဆိုယွန်ဂျူ အီဗန်စ် ပယ်ရဲရား ရှမိုက်ကယ်တို့နဲ့ ပွဲထုတ်ခဲ့ပါတယ်။ ပထမပိုင်း ပွဲအစပိုင်းလောက်မှာ လက်စတာဘက်ကနေ စတင်ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း ပွဲချိန်ကြာလာတာနဲ့အမျှ အိမ်ရှင်ဝုလ်ဗ်ဘက်နေ ပုံစံကောင်းပြန်ပြပြီး ဖိအားပေးလာနိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးလောက်မှာ ဝုလ်ဗ်နောက်ခံကစားသမား ဘိုလီက ခေါင်းတိုက်ချက်နဲ့အတူ အိမ်ရှင်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူခဲ့ပေမယ့်လည်း VAR နဲ့ ပြန်လည်စစ်ဆေးရာမှာတော့ သွင်းဂိုးစတင်ရာမှာ လူကျွံနေတယ်ဆိုပြီး ဂိုးကိုပယ်ဖျက်ခဲ့လို့ ဝုလ်ဗ်အတွက် အတော်လေး နစ်နာခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း မိနစ်၆၀လောက်မှာလည်း လက်စတာဘက်ကနေ ပင်နယ်တီကန်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်မိုက်ဒင်က လစ်လျူရှုခဲ့ပါတယ်။ သွင်းဂိုးရအောင် ရုန်းကန်နေတာမို့ ဝုလ်ဗ်အသင်းက သူတို့ရဲ့ပြေးအားကန်ချက်အားကောင်းလှတဲ့ ထရာအိုရေးကို ထည့်သွင်းလာခဲ့ပြီး တိုက်စစ်ကို မြင့်တင်လာချိန်မှာ လက်စတာဘက်ကလည်း ကွင်းလယ်ကစားသမား ချောင်ဒရီ ကစားပုံကြမ်းတမ်းမိခဲ့လို့ ၂ဝါ၁နီနဲ့ အထုတ်ပယ်ခံရလိုက်ပြီး အိမ်ရှင်တို့ ကစားသမားတစ်ယောက် အသာရသွားခဲ့ပါတယ်။ ကစားသမားတစ်ယောက် အသာရသွားချိန်မှာတော့ ဝုလ်ဗ်က မော်တင်ဟိုနဲ့ ပိုဒန်ဆီတို့ကို ထည့်သွင်းလာခဲ့ပေမယ့် နာကျင်အချိန်ပို ၉မိနစ်အထိ သတ်မှတ်ပေးခဲ့တာတောင် ဂိုးမသွင်းနိုင်ခဲ့လို့ ဂိုးမရှိသရေနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။