ပရီးမီးယားလိဂ် ကလပ်အသင်း ဝုလ်ဗ်ဟာ ဂျာမန်ဘွန်ဒစ်လီဂါ ထိပ်တန်းကလပ် လိုက်ပ်ဇစ်အသင်းရဲ့ တောင်ကိုရီးယား တိုက်စစ်ကစားသမားဖြစ်သူ ဟွမ်ဟီချန်းကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း မနေ့ညက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်မှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး ယူနိုက်တက်နဲ့ ပွဲစဉ်ကိုလည်း ဝုလ်ဗ်အသင်းရဲ့ အိမ်ကွင်းမှာ လာရောက်ကြည့်ရှု အားပေးသွားခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၂၅)နှစ်အရွှယ်ရှိ တောင်ကိုရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဟွမ်ဟီချန်းဟာ ၂၀၁၅ခုနှစ်ကတည်းက ဥရောပဘောလုံးနယ်ပယ်ထဲကို စတင်ခြေချလာခဲ့တာဖြစ်ပြီး သြစတြီးယား ထိပ်တန်းကလပ်ဖြစ်တဲ့ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ခြေစွမ်းပြခဲ့ကာ ၂၀၂ဝခုနှစ်မှာပဲ ကမ္ဘာကျော် ရက်ဘူးအချိုရည် ပိုင်ဆိုင်ထားတဲ့ နောက်ထပ်ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ လိုက်ပ်ဇစ်ကို ပြောင်းရွှေ့လာခဲ့ရပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ်မှာ ပုံမှန်နေရာရဖို့ မလွယ်ကူတဲ့နောက်မှာတော့ ဟွမ်ဟီချန်းဟာ နွေစျေးကွက် မပိတ်သိမ်းခင်မှာပဲ ဝုလ်ဗ်အသင်းဆီကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : Twitter

ဒီလို အာရှသားတစ်ဦးကို အင်အားဖြည့်တင်းနိုင်ခဲ့တဲ့ ဝုလ်ဗ်အသင်းဟာ မနေ့ညက ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဘက်ကို ဖိအားပေး ကစားထားနိုင်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီး ဆယ်မိနစ်အလိုမှာ မေဆန်ဂရင်းဝုဒ်ရဲ့ အသည်းခွဲဂိုးကြောင့် ရှုံးပွဲတွေ့ခဲ့ရကာ ပရီးမီးယားလိဂ် အဖွင့်ပွဲ(၃)ပွဲဆက်တိုက် ရှုံးပွဲဆက်ခဲ့ရပါတယ်။ ဝုလ်ဗ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ဟိုဆေးဆာ ထရန်ကာအိုတို့လို ကစားသမားကောင်းတွေနဲ့ အားဖြည့်ထားသလို အခုလည်း ဟွမ်ဟီချန်းကိုပါ ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း အဖွင့်ပွဲတွေမှာ လက်စတာ စပါး မန်ချက်စတာယူနိုက်တက်တို့လို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတွေနဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားနေရတာကြောင့် ရလဒ်ကောင်းဖို့ ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဝုလ်ဗ်အသင်းဟာ (၃)ပွဲဆက်တိုက် အရေးနိမ့်ထားတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၁၈)နေရာထိပါ ရောက်ရှိလို့နေရပြီး ရာသီသစ်ရဲ့ တာအထွက်မှာ အခြေအနေဆိုးလျက် ရှိနေပါတယ်။