ဒီနေ့ စနေနေ့ည (၈)နာရီခွဲအချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ရဲ့ (၅)ပွဲမြောက်ပွဲအဖြစ် တန်းဆင်းဇုန်အတွင်းမှာ ရုန်းကန်နေရတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ဥရောပဝင်ခွင့် တစ်နေရာအတွက် တိုက်ပွဝင်လို့နေတဲ့ ဝုလ်ဗ်အသင်းတို့ ရင်ဆုုိင်တွေ့ဆုံခဲ့ရာ ဝုလ်ဗ်အသင်းက ဒုတိယပိုင်းအတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ အိမ်ရှင်ကို (၂)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

Photo Credit : Getty Image

 

အိမ်ရှင်ဝက်စ်ဟမ်းအသင်းဘက်မှာ ဘိုဝင် ဖော်နယ်စ် အန်ဒါဆန် အန်တိုနီယိုတိုနဲ့ တိုက်စစ်ကို ပွဲထွက်လာခဲ့ပြီး ရိုက်စ် ဒီအော့ ခရော့စ်ဝဲလ် ဖာဘီယန်စကီး နိုဘယ်တို့လို အမာခံကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။ ဧည့်သည်ဝုလ်ဗ်အသင်းဘက်မှာလည်း ဂျီမီနက်ဇ် ဂျိုတာ နီဗက်စ် မော်တင်ဟို ဘိုလီ ကိုအာဒီ ပက်ထရစ်စီယိုတို့ ပါဝင်ကစားခဲ့ကြပါတယ်။ တန်းဆင်းဇုန်ကနေ လွတ်မြောက်ရဖို့အတွက် ရမှတ်တွေ မဖြစ်မနေ လိုအပ်နေပေမယ့်လည်း ဝက်စ်ဟမ်းကစားပုံ အားရစရာ အနေအထားမှာ လုံးဝရှိမနေပဲ တိုက်စစ်စုဖွဲ့ပုံကလည်း အားနည်းနေခဲ့ပါတယ်။ ဝုလ်ဗ်ကတော့ မကစားရတာကြာလို့ Form လေး နည်းနည်းအောက်နေတာကလွဲရင် ဝက်စ်ဟမ်းဘက်ကို ဖိအားပေးနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ပိုမိုရရှိခဲ့ပါတယ်။

Photo Credit : Getty Image

ဒါပေမယ့် ပထမပိုင်းမှာကတော့ ဘယ်အသင်းမှ သွင်းဂိုးတွေ မရရှိခဲ့သလို ဒုတိယပိုင်းကို ဆက်ကစားရမှာလည်း ထိုးဖောက်မှုတွေက အရေအတွက်အရ ပိုတောင်နည်းလာခဲ့လို့ ဝုလ်ဗ်ဘက်ကနေ နက်တိုနဲ့ထရာအိုရေးတို့ကို လူစားဝင်ကစားခဲ့ရပြီး (၇၃)မိနစ်မှာပဲ ဝုလ်ဗ်တို့ ဦးဆောင်ဂိုးကို စတင်ပိုင်ဆိုင်သွားခဲ့ရပါတယ်။ ဒီဂိုးကို တောင်ပံကစားသမား ထရာအိုရေးက ညာခြမ်းကနေ ဖြတ်တင်ပေးလိုက်ကနေ တိုက်စစ်မှူးဂျီမီနက်ဇ် လူကပ်မခံထားရပဲ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန်(၈၄)မိနစ်မှာလည်း လူစားဝင်ကစားသမားလေး နက်တိုက မြေမကျကန်ချက်နဲ့ ဝုလ်ဗ်အတွက် ပွဲသိမ်းသွင်းဂိုးကိုပါ သွင်းယူပေးသွားခဲ့ပါတယ်။