ဂျုဗင်တပ်စ်အသင်းရဲ့ပိုလန်လက်ရွေးစင်ဂိုးသမားဖြစ်သူ ရှက်ဇ်နီကို ဂျုဗင်တပ်စ်ဘက်ကနေ စာချုပ်သက်တမ်းတိုးမြှင့်ဖို့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ရာ ဂိုးသမားဘက်ကနေ လက်ခံလိုက်တဲ့အတွက် ရှက်ဇ်နီအနေနဲ့ တူရင်အသင်းမှာ လာမယ့် ၂၀၂၄ခုနှစ်အထိကို ဆက်လက်ရှိနေနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ရှက်ဇ်နီဟာ ဂျုဗင်တပ်စ်အသင်းကို ရောက်ရှိလာချိန်ကတည်းကနေ အခုလက်ရှိအချိန်အထိ အသင်းရဲ့ပင်တိုင်ဂိုးသမားတစ်ယောက်အဖြစ် ရပ်တည်လျက်ရှိနေသူလည်းဖြစ်ပါတယ်။

Photo Credit : Juventus.com

အသက်၂၉နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အာဆင်နယ်ဂိုးသမားဟောင်း ရှက်ဇ်နီဟာ ၂၀၁၇ခုနှစ်မှာ အာဆင်နယ်အသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို အပြီးသတ်ရောက်ရှိလာခဲ့တာဖြစ်ပြီး ဂျုဗင်တပ်စ်ကို မပြောင်းရွှေ့ခင်မှာ ရိုးမားအသင်းမှာ ၂ရာသီအထိ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ဖူးသေးကာ အဲ့ဒီကမှတစ်ဆင့် ဂျုဗင်တပ်စ်အသင်းက ရှက်ဇ်နီရဲ့လက်စွမ်းတွေကုုိ သဘောကျခဲ့တာကြောင့် အာဆင်နယ်ကနေ အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခုတော့ ရှက်ဇ်နီဟာ စာချုပ်သစ်ချုပ်ဆိုခဲ့မှုကြောင့် ဂျုဗင်တပ်စ်အသင်းရဲ့ဂိုးသမားအဖြစ် နောက်ထပ်၄နှစ်လောက်အထိကို ဆက်လက်မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။

Photo Credit : talkSPORT

ဂိုးသမားရှက်ဇ်နီဟာ အာဆင်နယ်လူငယ်အသင်းဆီကို ၂၀၀၆ခုနှစ်တုန်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး ၃နှစ်အကြာမှာပဲ အာဆင်နယ်စီနီယာအသင်းရဲ့ ဂိုးသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့်လည်း အသင်းမှာ ပုံမှန်နေရာမရခဲ့တာဖြစ်လို့ ဘရန်ဖိုဒ့်အသင်းဆီကို အငှားနဲ့ သွားရောက်ကစားရင်း အသင်းဆီ ပြန်လည်ရောက်လာခဲ့သည့်တိုင်အောင် အသင်းမှာ နေရာထပ်မရခဲ့လို့ စီးရီးအေကလပ် ရိုးမားအသင်းဆီ အငှားနဲ့ ထပ်မံပြောင်းရွှေ့ခဲ့ပြီး ရိုးမားအသင်းမှာတော့ ရှက်ဇ်နီဟာ သူရဲ့အကောင်းဆုံးလက်စွမ်းတွေ ပြသခဲ့ကာ ၂နှစ်အကြာမှာတော့ စီးရီးအေရဲ့အင်အားကြီးအသင်းကြီးတစ်သင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ လက်တွဲခွင့်ရရှိခဲ့ပါတယ်။ ရှက်ဇ်နီဟာ ဂျုဗင်တပ်စ်အသင်းနဲ့ လက်တွဲခဲ့ပြီးနောက်ပိုင်း အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကို ၂ကြိမ်တိုင် ရယူနိုင်ခဲ့သလို အသင်းရဲ့နံပါတ်တစ်ဂိုးသမားအဖြစ်နဲ့လည်း ပွဲအများစုမှာ ပါဝင်ကစားထားရတဲ့ ဂိုးသမားကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။