ဒေါ့မွန်အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ အဲလက်စ် ဝစ်ဆယ်ကတော့ သူ့ရဲ့ အသင်းဖော် တစ်ဦးဖြစ်တဲ့ ဂျေဒန်ဆန်ချိုဟာ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံး တောင်ပံ ကစားသမားတစ်ဦး ဖြစ်တယ်လို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ အသက်၂၀အရွယ် လူငယ် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ လက်ရှိ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြ ကစားနေနိုင်သူ ဖြစ်ပြီး ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပတ်ဒါဘွန်းအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဒေါ့မွန်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ကာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Fotmob

အဆိုပါ သွင်းဂိုး၃ဂိုးကြောင့် ဆန်ချိုဟာ လက်ရှိ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းနဲ့အတူ ဘွန်ဒက်လီဂါပွဲစဉ် ၂၇ပွဲ ပါဝင် ကစားထားရာမှာ ၁၇ဂိုး သွင်းယူထားပြီး ၁၇ဂိုး ဖန်တီးပေးထားနိုင်သူ ဖြစ်ကာ ဘွန်ဒက်လီဂါပြိုင်ပွဲသမိုင်း မှာ အသက်အငယ်ဆုံးနဲ့ ဘွန်ဒက်လီဂါသွင်းဂိုး ၃၀ဂိုး ပြည့်တဲ့ ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုကို ခေါ်ယူဖို့ မျက်စိကျနေတဲ့ ဥရောပ ထိပ်သီးအသင်းတွေ အများအပြား ရှိနေပြီး အဆိုပါ အသင်းတွေထဲမှာ မန်ယူအသင်း ၊ ချယ်လ်ဆီးအသင်း ၊ ပီအက်စ်ဂျီအသင်း ၊ လီဗာပူးအသင်းနဲ့ ဘိုင်ယန် မြူးနစ်အသင်း စတဲ့ အသင်းတွေ ပါဝင်လျက် ရှိပါတယ်။

Photo Credit: Fotmob

ဒါ့ကြောင့်လည်း ဝစ်ဆယ်က ဆန်ချိုဟာ သူ့ရဲ့ မျိုးဆက်မှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်းနဲ့ သူကစားနေတဲ့ နေရာမှာလည်း အကောင်းဆုံး ကစားသမားဖြစ်တယ် လို့ ဆိုသွားခဲ့ပါတယ်။ ဆန်ချိုရဲ့ ခြေစွမ်းအပေါ် ဝစ်ဆယ်က ” ဆန်ချိုဟာ သူ့ရဲ့မျိုးဆက်မှာတော့ အကောင်းဆုံး ကစားသမားတစ်ဦးလို့ ထင်မိပါတယ်။ သူ့မှာ တိုးတက်ဖို့အတွက် အချိန်တွေ အများကြီး ကျန်နေသေးသလို လုပ်ဆောင်စရာတွေလည်း အများကြီး ရှိနေပါသေးတယ်။ သူက အရမ်းကို ငယ်သေးတယ်လေ။ ပြီးတော့ လက်ရှိ သူကစားနေတဲ့ တောင်ပံနေရာမှာလည်း သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ် ” ဆိုပြီး မှတ်ချက်ချခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ဆန်ချိုရဲ့ ခြေစွမ်းအပေါ် ဘယ်လိုမြင်ကြလဲဗျ။