လီဗာပူးလ်အသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဒါဘီကောင်တီအသင်းရဲ့ နောက်ခံလူ အန်ဒရီဝစ်စဒမ်းဟာ သူရဲ့အမျိုးတွေ နေအိမ်ကို သွားရောက်လည်ပတ်ရင်းနဲ့ မမျှော်လင့်ပဲ အကြမ်းဖက်တိုက်ခိုက် လုယက်ခံခဲ့ရပြီးတော့ ဓါးနဲ့ပါ အထိုးခံခဲ့လိုက်ရတာကြောင့် နီးစပ်ရာ ဆေးရုံတစ်ခုကို အလျင်အမြန် တင်ပို့လိုက်ရပြီး လက်ရှိမှာတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ပဲ အခြေအနေကောင်းလျက်ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : talkSPORT

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်ညာနောက်ခံကစားသမား ဝစ်စဒမ်းဟာ လီဗာပူးလ်မြို့အတွင်းက သူရဲ့ဆွေမျိုးတွေ နေအိမ်ကို သွားရောက်လည်ပတ်ရင်းနဲ့ အခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ဝစ်စဒမ်းရဲ့ညီမဖြစ်သူ ပြောဆိုချက်အရ ဝစ်စဒမ်းဟာ သူရဲ့ကားအတွင်းကနေ ထွက်ခွာလာချိန်မှာ လုယူတိုက်ခိုက်မှုနဲ့ ကြုံတွေ့လိုက်ရတာဖြစ်တယ်လို့ သိရပြီး အခုလို တိုက်ခိုက်ခံရတဲ့ ဝစ်စဒမ်းကိုလည်း ဆေးရုံဆီ လျင်မြန်စွာ ပို့ဆောင်နိုင်ခဲ့လို့ အသက်အန္တရာယ်ကို မထိခိုက်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ဒီကာလအတွင်းမှာ အင်္ဂလန်နိုင်ငံအတွင်းက ဘောလုံးသမားတွေဟာ မကြာခဏဆိုသလို နေအိမ်အဖောက်ခံရပြီး မနှစ်က ဇူလိုင်လအတွင်းမှာ အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ အိုဇေးနဲ့ကိုလာစီနက်ရှ်တို့ အကြမ်းဖက်သမားနှစ်ယောက်ရဲ့တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : BBC

ဘရက်ဖိုဒ့်လူငယ်အသင်းကနေ ပေါ်ထွက်လာတဲ့ နောက်ခံအစွန်လူ ဝစ်စဒမ်းဟာ ၂၀၀၈ခုနှစ်မှာ လီဗာပူးလ်ဆီ ရောက်ရှိလာခဲ့ပြီး လီဗာပူးလ်လူငယ်အသင်းနဲ့ စတင်ပူးပေါင်းခွင့်ရခဲ့သလို ၂၀၁၂ခုနှစ်မှာတော့ ဆွတ်ဇာလန်ကလပ် ယန်းဘွိုင်းအသင်းနဲ့ ကစားခဲ့ရတဲ့ ယူရိုပါလိဂ်မှာ စတင်ပါဝင်ကစားခွင့်ရခဲ့သလို အသင်းနဲ့ ပွဲဦးထွက်မှာလည်း သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာ လီဗာပူးလ်က သူ့ကို စာချုပ်သစ်ချုပ်ဆိုခဲ့ပေမယ့်လည်း ၂၀၁၃-၂၀၁၄ ဘောလုံးရာသီကနေစတင်ကာ ဒါဘီကောင်တီ ဝက်ဘရွန်း နောရစ်ချ်စီးတီး ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းတွေဆီမှာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရင်းနဲ့ ၂၀၁၇ခုနှစ်မှာ ဒါဘီကောင်တီအသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဝစ်စဒမ်းဟာ ဆာလ်ဇ်ဘာ့ဂ်အသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့စဉ်တုန်းက အသင်းနဲ့အတူ သြစတြီးယားအမှတ်ပေးချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့သလို အင်္ဂလန်ယူ-၁၇အသင်းနဲ့လည်း ၂၀၁၀ ယူအီးအက်အေ ဥရောပ ယူ-၁၇ချန်ပီယံကိုလည်း ဆွတ်ခူးခဲ့ပါသေးတယ်။