လန်ဒန်မြို့ အခြေစိုက် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဝင်းတားဘန်ကတော့ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာပဲ ဘာစီလိုနာကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့လာခဲ့တဲ့ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်း တယောက် ချယ်လ်ဆီးမှာ ကျရှုံးတာကိုပဲ မြင်တွေ့ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ဂါဘွန်အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းက ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာပဲ အာဆင်နယ်ကနေ ဘာစီလိုနာထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ဘာစီလိုနာနဲ့ ၈လ ဝန်းကျင်သာ ကစားခဲ့ပြီးနောက် ဘာစီလိုနာကနေ အာဆင်နယ်ရဲ့ ခါးသီးမြို့ခံပြိုင်ဘက် ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၁၂သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Goal

အူဘာမီယန်းဟာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် တဦး အဖြစ် ကာလရှည် ကစားခဲ့သူ တဦး ဖြစ်တာကြောင့် ဘာစီလိုနာ ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အာဆင်နယ် ပရိသတ် တချို့က အူဘာမီယန်းကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။

အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဝင်းတားဘန်ကလည်း သူတို့အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း တဦး အနေနဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာမှုကို ဘဝင်မကျပဲ သူဟာ အူဘာမီယန်း တယောက် ချယ်လ်ဆီးမှာ ခြေစွမ်းကောင်းတွေ မပြနိုင်ပဲ ကျရှုံးသွားဖို့ မျှော်လင့်နေမိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Goal

ဝင်းတားဘန်က – “ကျွန်တော်က အူဘာမီယန်း တယောက် ချယ်လ်ဆီးဆီ ပြောင်းဖို့ အလွယ်လေး ဆုံးဖြတ်ခဲ့တာကို မအံ့ဩပါဘူး။ အူဘာမီယန်းက အာဆင်နယ်နဲ့ ပြဿနာ တက်ပြီး အသင်းကနေ ရုတ်တရတ်ကြီး ထွက်ခွာသွားခဲ့တာပါ။ အခု သူက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လာပြီ။ အူဘာမီယန်း တယောက် ဘာစီလိုနာမှာ ဘယ်လို ပြဿနာမျိုးတွေနဲ့ ကြုံခဲ့ရလဲ ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဘာစီလိုနာကလည်း ကစားသမားသစ်တွေကို စာရင်းသွင်းဖို့ ကစားသမားဟောင်းတွေကို ရောင်းထုတ်ဖို့ လိုအပ်နေခဲ့တာလေ။ ဒီတော့ သူက သူ့ရဲ့ နည်းပြဟောင်း ရှိနေတဲ့ ချယ်လ်ဆီးဆီ ပြောင်းလာခဲ့တာပေါ့။ ဒါက အဓိပ္ပါယ်ရှိတဲ့ အပြောင်းအရွှေ့ တခုပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ နည်းပြဟောင်းက အသင်းကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ ဒီတော့ သူက အခုချိန်မှာ အတော်လေးကို ရုန်းကန်ရပါတော့မယ်။ အူဘာမီယန်းက အာဆင်နယ်နဲ့အတူ အရမ်းကောင်းတဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့တဲ့သူပါ။ ဒါပေမယ့် အဆုံးသတ်မှာတော့ သူက ခါးသီးစွာနဲ့ပဲ အသင်းကို စွန့်ခွာသွားပါတယ်။ ဒီရာသီမှာတော့ အူဘာမီယန်းက သူဟာ ဘယ်လို တိုက်စစ်မှူးမျိုးလဲ ဆိုတာ ချယ်လ်ဆီးနဲ့အတူ သက်သေပြနိုင်ဖို့ အစွမ်းကုန် ကြိုးစားမယ်လို့ ယုံကြည်ထားပါတယ်။

အူဘာမီယန်းက အာဆင်နယ်မှာ ကစားခဲ့တုန်းကလို တရာသီကို ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ဂိုးလောက် အထိ သွင်းယူနိုင်ပါသေးတယ်။ သူနဲ့ ချယ်လ်ဆီးကလည်း အဲ့ဒီလို သွင်းဂိုးပမာဏတွေ ရရှိဖို့ မျှော်လင့်ထားကြမယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အူဘာမီယန်း တယောက် အဲ့ဒီလို စွမ်းဆောင်ရည်မျိုး မလုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါမှပဲ အူဘာမီယန်းက ချယ်လ်ဆီးမှာ ကျရှုံးမယ်။ ချယ်လ်ဆီးကလည်း အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို တက်လှမ်းနိုင်ဖို့ ရုန်းကန်ရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။