ပီအက်စ်ဂျီအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေး ပြင်သစ်လူငယ်ကစားသမားလေး ဆူမေလာကူလီဘလီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ သူနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်တဲ့အပြင် ကစားသမားဘက်ကလည်း အသင်းနဲ့ လက်တွဲဖြုတ်ချင်နေတာကြောင့် သူ့ကို ဥရောပထိပ်တန်းအသင်းတွေကနေ ကမ်းလှမ်းခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ ဒေါ့မွန်အသင်းကိုသာ ရွေးချယ်သွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Tribuna

အသက်(၁၇)နှစ်အရွှယ်သာရှိသေးတဲ့ ပြင်သစ်လူငယ်နောက်ခံကစားသမားလေး ကူလီဘလီဟာ ဒီနှစ်ဘောလုံးရာသီမှာပဲ ပီအက်စ်ဂျီစီနီယာအသင်းနဲ့အတူ ပူးပေါင်းခွင့်ရခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ ဒဏ်ရာရသွားခဲ့တာကြောင့် အသင်းကြီး ပါဝင်ကစားဖို့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ကူလီဘလီဟာ ပီအက်စ်ဂျီစီနီယာအသင်းမှာ ပါဝင်ရခြင်း မရှိခဲ့ပေမယ့်လည်း လူငယ်အသင်းမှာ ပြသနိုင်ခဲ့တဲ့ ခြေစွမ်းတွေကြောင့် သူ့ကို ဘာစီလိုနာ ဘိုင်ယန်မြူးနစ် ဒေါ့မွန် မန်ချက်စတာယူနိုက်တက်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ ပစ်မှတ်ထားလာခဲ့ပြီး အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။

Photo Credit : PSG Canal Supporter

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းက လပိုင်းလောက်သာ ကျန်ရှိတော့တဲ့ ကူလီဘလီကို ကလပ်အသင်းများစွာကနေ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာကြပေမယ့် ကစားသမားကိုယ်တိုင်ကတော့ လူငယ်ကစားသမားတွေအတွက် အခွင့်အလမ်းကောင်းတွေ များစွာရှိတဲ့နေရာဖြစ်တဲ့ ဒေါ့မွန်အသင်းကိုပဲ ရွေးချယ်သွားဖို့ သေချာသလောက် ရှိနေတယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီမီဒီယာကနေ ဖော်ပြလာချက်အရ ဒေါ့မွန်အသင်းဟာ ကူလီဘလီကို ခေါ်ယူသွားဖို့အတွက် Personal Agreed အထိ ရယူထားနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းဟာ ဒီလိုတတ်သစ်စ လူငယ်ကစားသမားလေးတွေကို အမြဲခေါ်ယူတတ်တဲ့ ဘောလုံးအသင်းဖြစ်သလို ခေါ်ယူလိုက်တဲ့ လူငယ်ကြယ်ပွင့်တွေကိုလည်း ပွဲထွက်ကစားခွင့်တွေ ပေးတတ်တဲ့အသင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် ဆူမေလာကူလီဘလီလို လူငယ်ကစားသမားတွေက သူတို့အတွက် ပွဲအရေအတွက်များစွာ ကစားခွင့်ရနိုင်မယ့် ခြေစွမ်းပြခွင့်ရနိုင်မယ့် ဒေါ့မွန်အသင်းဆီကိုသာ ပြောင်းရွှေ့ကစားချင်နေကြတာလည်းဖြစ်ပါတယ်။