ယခု ကျင်းပနေတဲ့ ၂၀၂၄ အာဖရိကဖလားပြိုင်ပွဲမှာ ကွန်ဂိုအသင်းဟာ နိုင်ပွဲ တပွဲမှ မရသေးပေမယ့် ကွာတားဖိုင်နယ် အထိ တက်ရောက်နိုင်ခဲ့တာကြောင့် ကံကောင်းလွန်းတဲ့အသင်း အဖြစ် ချီးကျူးခံနေရကြောင်း သိရှိရပါတယ်။

အာဖရိကတိုက်ရဲ့ အသင်းလတ် တသင်း ဖြစ်တဲ့ ကွန်ဂိုအသင်းက အုပ်စုအဆင့်မှာ မော်ရိုကို ၊ ဇမ်ဘီယာ ၊ တန်ဇနီးယား စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး မော်ရိုကိုနဲ့ ဇမ်ဘီယာတို့ကို ၁-၁ ဆိုတဲ့ သရေရလဒ်တွေ ထွက်ပေါ်အောင် ကစားခဲ့သလို အုပ်စုနောက်ဆုံးပွဲမှာလည်း တန်ဇနီးယားနဲ့ ဂိုးမရှိ သရေကျခဲ့ပါတယ်။

Photo Credit: FMT

ကွန်ဂိုက အုပ်စုပွဲ ၃ပွဲမှာ တပွဲမှ မနိုင်ခဲ့ပေမယ့် မော်ရိုကိုဟာ ဇမ်ဘီယာနဲ့ တန်ဇနီးယားတို့ နှစ်သင်းစလုံးကို အနိုင်ကစားခဲ့သလို ဇမ်ဘီယာက အုပ်စုတွင်း အင်အားအနည်းဆုံး ဖြစ်တဲ့ တန်ဇနီးယားကို အနိုင်မရခဲ့တာကြောင် ကွန်ဂိုဟာ ရမှတ် ၃မှတ်သာ ရခဲ့ပေမယ့် အုပ်စုဒုတိယနေရာနဲ့ ၁၆သင်းအဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

၁၆သင်း ရှုံးထွက်အဆင့်မှာ ကွန်ဂိုက နာမည်ကြီး အီဂျစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ဘောလုံးပရိသတ် အများစုက အီဂျစ်ဟာ ကွန်ဂိုကို အလွယ်တကူ အနိုင်ရသွားလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် ကွန်ဂိုက အီဂျစ်ကို အကောင်းဆုံး ရင်ဆိုင်ကာ သာမန်ပွဲချိန်အတွင်းမှာ တဖက် တဂိုးစီနဲ့ သရေရလဒ် ရအောင် ကစားပြနိုင်ခဲ့ပါတယ်။

 

Photo Credit: Standard

သာမန်ပွဲချိန်အတွင်း အရှုံးအနိုင် မပေါ်ခဲ့တာကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင် ကစားရာမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပင်နယ်တီမှာ ကွန်ဂိုက ၈-၇ ဆိုတဲ့ ရလဒ်နဲ့ အီဂျစ်ကို အနိုင်ယူကာ ကွာတားဖိုင်နယ်ဆီ တက်ရောက်ခွင့် ရခဲ့ပါတယ်။

ကွာတားဖိုင်နယ်မှာတော့ ကွန်ဂိုက စတုဂတ် တိုက်စစ်မှူး ဂွီရက်ဆီ ၊ ဝါဒါဘရီမင် ကွင်းလယ်လူ ကီတာတို့ ပါဝင်နေတဲ့ ဂီနီယာနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဘောလုံးပရိသတ်တွေကတော့ ကံကောင်းလွန်းနေတဲ့ ကွန်ဂိုဟာ ဂီနီယာကို ထပ်ပြီး အနိုင်ယူသွားလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။