မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဝင်းသိင်္ဂီထွန်းဟာ အိန္ဒိယ အမျိုးသမီးလိဂ်ရဲ့ လက်ရှိ ချန်ပီယံအသင်း ဖြစ်တဲ့ ဂိုကူလမ်အသင်းထံ ကာလတိုစာချုပ်နဲ့ ပြောင်းရွှေ့ခွင့် ရခဲ့ကြောင်း သိရပါတယ်။

အသက် ၂၆နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မြန်မာလက်ရွေးစင် အမျိုးသမီး တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဟာ အရှေ့တောင်အာရှ အမျိုးသမီး လက်ရွေးစင် တိုက်စစ်မှူးတွေထဲမှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတဦးလည်း ဖြစ်ပါတယ်။

Photo Credit: Asia Football

ဂိုကူလမ်အသင်းဟာ အာရှဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ AFCက ကြီးမှူးကျင်းပမယ့် AFC Women’s Club Championship ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရထားတာကြောင့် သူတို့အသင်းရဲ့ တိုက်စစ်အင်အားကို မြှင့်တင်ဖို့ အတွက် ဝင်းသိင်္ဂီထွန်းကို ခေါ်ယူခဲ့တာပါ။

Photo Credit: Asia Football

ဂိုကူလမ်အသင်းဆီ ပြောင်းရွှေ့ခွင့် ရတာနဲ့ ပတ်သတ်ပြီး ဝင်းသိင်္ဂီထွန်းက သူမရဲ့ ရင်ခုန်သံတွေကို အခုလိုပဲ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဝင်းသိင်္ဂီထွန်းက – “အိန္ဒိယလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်း ဖြစ်သလို နိုင်ငံတကာ အတွေ့အကြုံ ရှိတဲ့ နည်းပြ ၊ လက်ရွေးစင်အဆင့် ကစားသမားတွေ ရှိနေတဲ့ အသင်းကို ပြောင်းရွှေ့ခွင့် ရတာ တကယ်ကို ဝမ်းသာမိပါတယ်။ အိန္ဒိယရဲ့ အမျိုးသမီး ဘောလုံး တိုးတက်မှုက တကယ်ကို မြန်ဆန်ပါတယ်။ ပြည်ပထွက် ကစားခွင့်ရတဲ့ ပထမဦးဆုံး အမျိုးသမီး ဘောလုံးသမား ဖြစ်လို့ ဝမ်းသာတယ်။ ဂုဏ်လည်း ယူပါတယ်။ မြန်မာအမျိုးသမီး ဘောလုံးသမားတွေထဲမှာ ပြည်ပထွက် ကစားနိုင်တဲ့ ခြေစွမ်းတွေ အရည်အချင်းတွေ ရှိတယ်။ ပထမဦးဆုံး ထွက်ကစားရတာ ဖြစ်လို့ နောက်က လိုက်လာမယ့် လူတွေအတွက်ပါ အစွမ်းကုန် ကြိုးစား ကစားသွားမှာပါ” လို့ ဖွင့်ဟခဲ့ပါတယ်။

ကဲ ကျွန်တော်တို့တွေ အားလုံး ဝင်းသိင်္ဂီထွန်းနဲ့အတူ ဂိုကူလမ်အသင်းကို အားပေးလိုက်ကြရအောင်ဗျာ…။