ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဝက်စ်ဟမ်းအသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် အသင်းလက်မဲ့ ကစားသမား တစ်ဦးဖြစ်နေတဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားက လက်ရှိ အချိန်မှာတော့ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဆီ ပြန်သွားဖို့ နီးစပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။ အသက် ၂၈နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း ဝီလ်ရှိုင်းယားဟာ တစ်ချိန်က အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ တောက်ပခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ဒဏ်ရာတွေကြောင့်သာ မဟုတ်ရင် လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို ရရှိနေနိုင်တဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Express

ဝီလ်ရှိုင်းယားဟာ သူ့ရဲ့ အာဆင်နယ် ကစားသမား ဘဝအစမှာ တောက်ပတဲ့ ခြေစွမ်းတွေနဲ့အတူ ဘောလုံး ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့သူ ဖြစ်ပြီး အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ အနာဂတ် ကွင်းလယ် ဗိုလ်ချုပ် ဖြစ်လာနိုင်သူ လို့ ဘောလုံး သုတေသီတွေရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း မှာတော့ ဝီလ်ရှိုင်းယားဟာ ဒဏ်ရာတွေနဲ့ လုံးပန်းခဲ့ရပြီး သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝ နောက်ဆုံးအချိန်တွေ အားလုံးကို ဆေးရုံမှာသာ ကုန်ဆုံးခဲ့ရသူပါ။ အဲ့ဒီနောက် မှာတော့ ဝီလ်ရှိုင်းယားဟာ အာဆင်နယ် အသင်းကို စွန့်ခွာကာ ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့ ကစားခဲ့ပေမယ့် သူ့ရဲ့ ဒဏ်ရာကျိန်စာဟာ ပျက်ပြယ်သွားခြင်း မရှိပဲ များပြားလှတဲ့ ဒဏ်ရာတွေကြောင့် ဝက်စ်ဟမ်းအသင်းကို စွန့်ခွာခဲ့ရပြန်ပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ဝီလ်ရှိုင်းယားဟာ အသင်းလက်မဲ့ ကစားသမား ဖြစ်နေပြီး သူ့ကို ခေါ်ယူဖို့ ဘယ်အသင်းကမှ စိတ်ဝင်စားခြင်း မရှိပဲ အပျော်တမ်း ကလပ်တချို့ကသာ သူတို့အသင်းတွေမှာ လေ့ကျင့်ခန်း လာဆင်းဖို့ သူ့ကို ကမ်းလှမ်း ထားကြပါတယ်။ အင်္ဂလန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Talksport သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ အာဆင်နယ်အသင်းဟာ ဝီလ်ရှိုင်းယားကို သူတို့အသင်းမှာ လေ့ကျင့်ခန်း လာဆင်းဖို့ ကမ်းလှမ်းဖွယ် ရှိပြီး ဝီလ်ရှိုင်းယားသာ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝသွားပါက တစ်ရာသီစာချုပ် ချုပ်ဆိုဖွယ် ရှိကြောင်း သိရပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ကတော့ အာဆင်နယ်အသင်းဟာ ဝီလ်ရှိုင်းယားကို အချိန်ပြည့် ကစားသမားအဖြစ် စာချုပ်ချုပ်ဖွယ် မရှိပဲ တစ်ပွဲ ကစားပေးပါက ဘယ်ရွေ့ ဘယ်မျှ ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့သာ ခေါ်ယူဖွယ် ရှိကြောင်း သုံးသပ်သွားကြပါတယ်။