တချိန်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ်ရဲ့ အာဆင်နယ်နဲ့ အတူ တောက်ပခဲ့ပေမယ့် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်နေတဲ့ အင်္ဂလန် ကွင်းလယ်လူ ဝီလ်ရှိုင်းယား ကတော့ သူဟာ အခုချိန်မှာ အသင်းဟောင်း အာဆင်နယ်နဲ့ လေ့ကျင့်ခန်းတွေ ဆင်းနေပေမယ့် အာဆင်နယ်နည်းပြ အာတီတာက သူ့ကို စာချုပ်ချုပ်ဖို့ စိတ်မဝင်စားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာခဲ့ပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန် ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားဟာ တချိန်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ နှစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဇာဗီနဲ့ အင်နီယေစတာတို့ နှစ်ယောက်စလုံးကို တယောက်ထဲနဲ့ ထိန်းချုပ်ပြနိုင်ခဲ့တဲ့ အထိ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ ဒဏ်ရာပြဿနာတွေကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်နေသူပါ။

Photo Credit: Metro

ဝီလ်ရှိုင်းယားဟာ ပင်ကိုယ် အရည်အသွေး မြင့်မားသလို အသင်းအတွက် ပေးဆပ်လိုစိတ်လည်း မြင့်မားတာကြောင့် ဆယ်ကျော်သက် အရွယ်မှာကတည်းက အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် အသက် ၂၀ မပြည့်ခင်မှာပဲ ပွဲပေါင်း ၂၀၀ကျော် ကစားခဲ့ရတဲ့ ဒဏ်တွေကြောင့်ပဲ မကြာခဏ ဆိုသလို ဒဏ်ရာတွေကြောင့် အနားယူခဲ့ရပါတယ်။

ဒဏ်ရာပြဿနာများစွာနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် ဝီလ်ရှိုင်းယားဟာ သူ ချစ်ခင်တဲ့ အာဆင်နယ်ကို စွန့်ခွာခဲ့ရပြီး ဘုန်းမောက် ၊ ဝက်စ်ဟမ်း စတဲ့ အသင်းတွေမှာ ကစားကာ သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

Photo Credit: Metro

ဒါကြောင့်ပဲ ဝီလ်ရှိုင်းယားဟာ ၂၀၂၁ခုနှစ် ဇူလိုင်လမှ စတင်ကာ အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်လာခဲ့ပြီး လက်ရှိမှာ သူက အာဆင်နယ်နဲ့ လေ့ကျင့်ခန်းတွေ ဆင်းနေတာကြောင့် အာဆင်နယ်က သူ့ကို ကာလတို စာချုပ်နဲ့ ခေါ်ယူနိုင်ကြောင်း ကောလဟာလတွေ ထွက်ပေါ်ခဲ့ပေမယ့် ဝီလ်ရှိုင်းယား ကတော့ အာဆင်နယ်နည်းပြ အာတီတာက သူ့ကို မခေါ်ချင်ကြောင်း ဖွင့်ဟ ပြောပြလာပါတယ်။

ဝီလ်ရှိုင်းယားက – “အသင်းက ကျွန်တော် လေ့ကျင့်ခန်း ဆင်းရင် ဝတ်ဖို့ သီးသန့် ဝတ်စုံတွေ ပြင်ဆင်ပေးခဲ့ပါတယ်။ ကျွန်တော့်မှာ JWလို့ နာမည်တပ်ထားတဲ့ ဝတ်စုံနှစ်စုံ ရှိပါတယ်။ ကျွန်တော် ဒီနေ့လည်း အသင်းနဲ့ လေ့ကျင့်ခဲ့ပါသေးတယ်။ ပြီးတော့ မနက်ဖြန်လည်း လေ့ကျင့်ခန်း ဆင်းဦးမှာပါ။ ဒါပေမယ့် အာတီတာက ကျွန်တော့်ကို လိုချင်ပုံတော့ မရပါဘူး။ သူက ကျွန်တော့်ကို စာချုပ် ချုပ်ဖို့လည်း စိတ်မဝင်စားပါဘူး” လို့ ပြောပြလာခဲ့တာပါ။ ဒီအင်တာဗျူးကို ဖြေခဲ့တဲ့ အချိန်မှာ ဝီလ်ရှိုင်းယားရဲ့ မျက်နှာ မသာမယာ ဖြစ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။