ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက တစ်ရာသီလုံး ရုန်းကန်ခဲ့ရပြီး ဥရောပဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ဘောလုံးရာသီအတွက် ပထမဦးဆုံး ရာသီကြိုခြေစမ်းပွဲအဖြစ် မထင်မရှား စကော့တလန် ကလပ်အသင်းလေး ဟိုင်ဘာနီယန်နဲ့ ယှဉ်ပြိုင်ကစားခဲ့ရင်းနဲ့လည်း မမျှော်လင့်ပဲ (၂)ဂိုး (၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာကြောင့် အာဆင်နယ်ပရိသတ်များစွာအတွက် စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့ရသလို သူတို့ရဲ့ ကစားသမား ဝီလီယံရဲ့ လတ်တလော ခန္ဓာကိုယ်အနေအထားဟာလည်း ပရိသတ်တွေအတွက် ပြောစရာတစ်ခု ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Twitter

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းကမှ လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဘရာဇီး ဝါရင့်တောင်ပံကစားသမားကြီး ဝီလီယံကိုတော့ အာဆင်နယ်ပရိသတ်များစွာကို အသင်းမှာ အတော်လေး ခြေစွမ်းကောင်းတွေ ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့်လည်း ဝီလီယံက အာဆင်နယ်မှာ ပွဲပေါင်းများစွာ ပါဝင်ခွင့်ရခဲ့တာတောင် သွင်းဂိုး(၁)ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းတာဝန်ရှိသူတွေနဲ့ အသင်းပရိသတ်တွေအတွက် စိတ်ငြိုငြင်စရာ ဖြစ်စေနိုင်မယ့် စကားတွေကိုလည်း အင်တာဗျူးတွေမှာ ပြောဆိုခဲ့ဖူးသလို အခုလက်ရှိက သူရဲ့ကစားသမားဘဝအတွင်း အဆိုးရွှားဆုံးအချိန်ပဲ ပြောဆိုခဲ့မှုကို အာဆင်နယ်ပရိသတ်တွေများစွာ ဒေါသထွက်ခဲ့ကြရပါတယ်။

Photo Credit : Twitter

ဝီလီယံအနေနဲ့ အခုနွေစျေးကွက်အတွင်းမှာ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်နေခဲ့ရပေမယ့် ဟိုင်ဘာနီယန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ခြေစွမ်းပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့လို့ ပရိသတ်တွေက အံ့အားသင့်ခဲ့ရပေမယ့် ဝီလီယံရဲ့ ကိုယ်အလေးချိန် များလွန်းနေတဲ့ ခန္ဓာကိုယ်ပုံစံက အာဆင်နယ်ပရိသတ်တွေအတွက်ရော ဘောလုံးပရိသတ်တွေအတွက်ပါ အလွန်ကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီလို ဗိုက်ပူပူပုံစံမျိုး ဖြစ်နေရတဲ့ ဝီလီယံကို ပရိသတ်များစွာကနေ လှောင်ပြောင်ခဲ့ကြသလို သူရဲ့ချယ်လ်ဆီးအသင်းဖော်ဟောင်း အီဒင်ဟာဇက်ရဲ့ လမ်းစဉ်ကို လိုက်ပါဆောင်ရွှက်နေသူဆိုပြီး လှောင်ပြောင်ခံခဲ့ရပါတယ်။ ဝီလီယံဟာ လက်ရှိအချိန်ထိ အာဆင်နယ်နဲ့ အနာဂတ် မရေမရာ ဖြစ်လို့နေသေးပြီး မကြာသေးခင်ကလည်း မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့ ဆွေးနွေးခဲ့ပေမယ့် သူရဲ့လုပ်ခလစာက မြင့်မားလွန်းနေတာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။