မနေ့ညက ကျင်းပခဲ့တဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၂) လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာ ချယ်လ်ဆီးအသင်းဘက်ကနေ ပါဝင်ကစားပေးခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ဝီလီယံဟာ ပြိုင်ဘက်ဝက်စ်ဟမ်းအသင်းဘက်ကို ပင်နယ်တီကနေတစ်ဂိုး ဖရီးကစ်တစ်ဂိုး စုစုပေါင်းသွင်းဂိုး(၂)ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် တစ်နှစ်တာကာလအတွင်း (၁၂)လလုံးကို အသင်းတစ်သင်းတည်းနဲ့ သွင်းဂိုးရယူနိုင်တဲ့ ပထမဆုံးသော ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။

Photo Credit : Sportskeeda

အသက်(၃၁)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တောင်ပံကစားသမား ဝီလီယံဟာ ဝက်စ်ဟမ်းအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း ချယ်လ်ဆီးဘက်ကနေ ပွဲထွက်ကစားခဲ့ရသလို အသင်းအတွက် ဦးဆောင်ဂိုးနဲ့ ချေပဂိုးတို့ကိုလည်း သွင်းယူပေးခဲ့ကာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးကတော့ အဝေးကွင်းမှာ (၃)ဂိုး(၂)ဂိုးနဲ့ ကပ်ပြီးအရေးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် ဝီလီယံဟာ သွင်းဂိုး(၂)ဂိုးကို ရယူနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ဇွန်လကနေစတင်ပြီး အခု ၂၀၂၀ခုနှစ် ဇူလိုင်လအထိ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း တစ်နှစ်တာရဲ့လတိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးသော ကစားသမားတစ်ယောက် ဖြစ်သွားစေခဲ့ပါတယ်။

Photo Credit : Goal

တကယ်ဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ သြဂုတ်လမှာစတင်ပြီး မေလမှာ အဆုံးသတ်တာဖြစ်လို့ ပြိုင်ပွဲရဲ့သက်တမ်းက (၁၂)လအထိ မရှိပေမယ့်လည်း ဒီနှစ်မှာတော့ ကမ္ဘာ့ကပ်ဆိုးကြီးတစ်ခုဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေကို လအတန်ကြာ ရပ်နားထားခဲ့ရတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာလည်း မေလမှာ ရာသီမသိမ်းနိုင်တော့ပဲ ဇူလိုင်လအထိ ဆက်တိုက်ကျင်းပခဲ့ရတာကြောင့် ဝီလီယံက ဒီအခွင့်အရေးကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါတွေအပြင် ဝီလီယံဟာ ဇူလိုင်လ(၁)ရက်နေ့မှာပဲ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် အသင်းက ပရီးမီးယားလိဂ်အပြင် ချန်ပီယံလိဂ်ရော အက်အေဖလားကို ဆက်လက်ကစားဖို့ ရှိနေသေးတဲ့အတွက် ဝီလီယံကို ကာလတို စာချုပ်ထပ်မံချုပ်ဆိုခဲ့လို့သာ ဝီလီယံအနေနဲ့လည်း ဒီစံချိန်ကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ရာသီကုန်ရင်တော့ ဝီလီယံဟာ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ သေချာသလောက်ကို ရှိနေပါတယ်။