အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ ဝီလီယံ က ပြီးခဲ့တဲ့ နွေရာသီ ကစားသမား အပြောင်းအရွှေ့ တုန်းက ချယ်လ်ဆီး အသင်းကနေ အာဆင်နယ် အသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်း‌ရွှေ့လာပြီး နောက်ပိုင်း သူ့အနေနဲ့ ဘာ့ကြောင့် ရုန်းကန်နေရလဲ ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။ ဝီလီယံဟာ ပရီးမီးယားလိဂ်မှာ ၇ နှစ်တာ အောင်မြင်တဲ့ ကစားသမားဘဝကို တည်‌ဆောက်နိုင်ခဲ့တာကြောင့် လန်ဒန်ပြိုင်ဘက် အာဆင်နယ် အသင်းကို ရောက်ရှိသွားတဲ့ အချိန်မှာလည်း အကောင်းဆုံး ပုံစံရရှိလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့်လည်း ထင်ထားသလို ဖြစ်မလာခဲ့ပဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

Photo Credit: Metro

ဝီလီယံ ဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲပါဝင် ကစားထားရပေမယ့်လည်း သွင်းဂိုး တစ်ဂိုးမျှမရယူထားနိုင်ခဲ့ပြီးတော့ သုံးကြိမ်သာ ဂိုးဖန်တီးထားနိုင်တာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဝီလီယံ ဟာ သူ့အနေနဲ့ အတွေးအမြင် အသစ်တွေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ အတွက် ရုန်းကန်နေရကြောင်း ခရစ္စတယ်ပဲလေ့စ်နဲ့ သရေ ရလဒ်ထွက်ပေါ်တဲ့ ပွဲစဉ်အပြီးမှာ အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ “ အသင်းပြောင်းတဲ့ ကိစ္စဆိုတာ ဘယ်တုန်းကမှတော့ မလွယ်ကူခဲ့ပါဘူး။ အထူးသဖြင့် အခြားတစ်နေရာမှာ အချိန်အကြာကြီး ရှိနေခဲ့တဲ့ သူဆိုရင် ပိုခက်ခဲပါတယ်။ ကျွန်တော် အာဆင်နယ်ကို မလာခင် ချယ်လ်ဆီးမှာ ၇ နှစ်လောက် ကစားခဲ့တာပါ၊ အဲ့ဒီနောက် ခင်ဗျားမှာ အသင်းသစ်၊ လူအသစ်တွေနဲ့ အတွေးအမြင်အသစ်တွေ နဲ့ ရင်ဆိုင်ရတယ်။ အခြေအနေတွေက မတူညီကြပါဘူး၊ အဲ့ဒါကြောင့် ကျွန်တော် အခုချိန်ထိ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားနေရဆဲပါ။ ဒါပေမယ့် ကောင်းတဲ့ ခံစားချက်မျိုး ခံစားရပါတယ်၊ ကျွန်တော် ဘောလုံးဆိုင်ရာ အတွေးအမြင် အသစ်‌တွေ အများကြီး သင်ယူနေရပါတယ် ”

Photo Credit: Metro

“ ဒီမှာ ရှိတဲ့ လူတိုင်းက ကောင်းကြပါတယ်။ ကျွန်တော့် အနေနဲ့လည်း အများကြီး တိုးတက်လာနိုင်သေးတယ်ဆိုတာ သိပါတယ်၊ ပြီးတော့ မြက်ခင်းပြင်ပေါ်က ကျွန်တော့်ရဲ့ ခြေစွမ်းတွေလည်း ပိုကောင်းလာနိုင်ပါတယ်။ ဖူဟမ်လ်နဲ့ ကစားတဲ့ ပထမဆုံးပွဲက ကျွန်တော့် အတွက် အတော်လေးကောင်းခဲ့ပါတယ်၊ ကျွန်တော့်ရဲ့ ခြေစွမ်းတွေ ကောင်းနေတယ်လို့ ခံစားမိခဲ့ပြီးတော့ နှစ်ကြိမ် ဂိုးဖန်တီးနိုင်ခဲ့တယ်။ အဲ့ဒီနောက်တော့ ဘာတွေ ဖြစ်ကုန်လဲဆိုတာ ကျွန်တော် မသိတော့ဘူး။ ကျွန်တော်ကတော့ အကောင်းဆုံး ဖြစ်ဖို့ အတွက် အမြဲတမ်း ကြိုးစားနေပါတယ်၊ တစ်ခါတစ်ရံမှာတော့ တစ်ချို့ကိစ္စလေးတွေက ခင်ဗျား ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်မလာတတ်ကြပါဘူး။ ခင်ဗျား အနေနဲ့ အဲ့ဒါကို ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခု နဲ့ ဘဝ ရဲ့ အစိတ်အပိုင်း တစ်ခုလို့ ဖြေသိမ့်ရပါမယ်။ တစ်ခါတစ်ရံ ခင်ဗျားမှာ ကောင်းတဲ့ အချိန်တွေ ရှိသလို ဆိုးတဲ့ အချိန်တွေလည်း ရှိတတ်ပါတယ်။ ခင်ဗျား အနေနဲ့ အဲ့ဒါတွေကနေ သင်ယူရပါမယ်။ အခုချိန်မှာတော့ ကျွန်တော်က ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံကနေ ဝေးကွာနေတယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် ကျွန်တော် ဒီ့ထက်ပို အလုပ်ကြိုးစားပြီး ဒီဟာကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ထားပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။