ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်းဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဝါရင့် ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ဝီလီယံဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အာဆင်နယ်အသင်း ကနေ အသင်းဟောင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းထံ ပြန်လည် ပြောင်းရွှေ့ချင်နေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၂နှစ် အရွယ် ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ဝီလီယံဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ချယ်လ်ဆီးအသင်း ကနေ အာဆင်နယ်အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာကာ အာဆင်နယ်အသင်းနဲ့ ၃နှစ်သက်တမ်း ရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့သူ ဖြစ်ပေမယ့် အဆင်မပြေမှုတွေ ကြုံတွေ့ခဲ့ရအပြီးမှာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပျနေပါတယ်။

Photo Credit: Football London

ဝီလီယံဟာ အာဆင်နယ်အသင်းကို ရောက်ရှိကာစမှာ ဆန်းချက် ထွက်ခွာသွားပြီးနောက် လိုအပ်နေတဲ့ အတိုးအလှုပ်တွေကို ယူဆောင်ပေးနိုင်မယ့် ကစားသမား အဖြစ် အာဆင်နယ်အသင်း ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျ မဖြစ်ခဲ့ပဲ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ရာသီဝက်ကာလ ကျော်လွန်ပြီးချိန်မှာ ဝီလီယံဟာ ပုံမှန် ပွဲထွက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး အရန် ကစားသမား အဖြစ်သာ ရာသီကုန်အထိ ဖြတ်သန်းခဲ့ရပါတယ်။ ဝီလီယံဟာ အာဆင်နယ်အသင်းနဲ့ အတူ ၃၇ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၁ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Football London

လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ ဝီလီယံကို ရောင်းချဖို့ ပြင်ဆင်ထားသလို ကမ်းလှမ်းမှုတွေကိုလည်း နားစွင့်သွားမယ်လို့ သိရပါတယ်။ နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ ဝီလီယံဟာ လက်ရှိမှာ မေဂျာလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပေမယ့် သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းထံ ပြန်လည် ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ဝီလီယံဟာ မေဂျာလိဂ် ကလပ်တွေကို ပြောင်းရွှေ့ဖြစ်ရင် များပြားလှတဲ့ လုပ်ခလစာနဲ့ ပုံမှန် ပွဲထွက်ခွင့်ကို ရရှိမှာ ဖြစ်ပေမယ့် လန်ဒန်မြို့မှာသာ ဆက်နေချင်တဲ့ သူ့ရဲ့ မိသားစုကြောင့် ချယ်လ်ဆီးအသင်းထံ ပြန်လည် ပြောင်းရွှေ့ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ကြောင်း နီးစပ်သူတွေက ဆိုပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ဝီလီယံတို့ ပြန်လည် ပေါင်းစည်းနိုင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။