ဒီနှစ်ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘရာဇီးလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဝီလီယံကို ချယ်လ်ဆီးဘက်ကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဝီလီယံက သူ့ကို အနည်းဆုံး(၃)နှစ်အထိ သက်တမ်းတိုးစေချင်တာကြောင့်မို့ ညှိနှိုင်းမှုက အဆင်မပြေခဲ့ပဲ အသင်းနဲ့ လမ်းခွဲဖို့သာ အကြောင်းဖန်လာခဲ့ပါတယ်။ ဒီလို အသင်းနဲ့ လမ်းခွဲတော့မယ့် ဝီလီယံကို ရီးရဲလ်မက်ဒရစ်အသင်းဘက်ကနေ ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့် ရီးရဲလ်က ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Getty Image

အသက်(၃၁)နှစ်အရွှယ်ရှိ ဘရာဇီးတောင်ပံကစားသမား ဝီလီယံဟာ ချယ်လ်ဆီးအသင်းမှာ ဆက်လက်ရှိနေချင်ပေမယ့် ချယ်လ်ဆီးဘက်ကနေ သတ်မှတ်ထားတဲ့ ပေါ်လစီအရ အသက်(၃၀)ကျော် ကစားသမားတွေကို (၂)နှစ်ပဲ သက်တမ်းတိုးတာကို ဝီလီယံက လက်သင့်မခံပဲ အနည်းဆုံး(၃)နှစ်တိုးဖို့ တောင်းဆိုခဲ့တာကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရခဲ့တာပဲဖြစ်ပါတယ်။ အသင်းနဲ့ လမ်းခွဲဖို့ သေချာသွားပြီးတဲ့နောက်မှာ ဝီလီယံရဲ့အေးဂျင့်ဖြစ်သူက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဝီလီယံက ရီးရဲလ်ဘက်ကိုလည်း (၃)နှစ်စာချုပ်ချုပ်ဆိုဖို့ တောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့က အထမမြောက်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Image

တကယ်တော့ ရီးရဲလ်အသင်းရဲ့နည်းပြဇီဒန်းဟာ ဝီလီယံကို သဘောကျနေသူဖြစ်ပြီး အသင်းဆီ ခေါ်ယူဖို့ကိုလည်း စိတ်ဝင်တစားရှိခဲ့ပေမယ့် ဝီလီယံဘက်ကနေ အလိုရှိနေတဲ့ (၃)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကတော့ အပြောင်းအရွှေ့မဖြစ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်း ဖြစ်စေခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးတဲ့ ဝီလီယံကို လန်ဒန်အခြေစိုက် ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ကနေ ခေါ်ယူဖို့ ပစ်မှတ်ထားလို့နေပြီး ဝီလီယံကိုယ်တိုင်ကလည်း သူရဲ့မိသားစုဝင်တွေက လန်ဒန်မှာနေရတာ အဆင်ပြေနေပြီဖြစ်လို့ အသင်းပြောင်းဖြစ်မယ်ဆိုရင် ပြည်ပနေရာတွေထက်စာရင် လန်ဒန်မြို့အတွင်းမှာရှိတဲ့ အသင်းတွေဆီကို ပြောင်းရွှေ့နိုင်တယ်လို့ အရိပ်အမြွက် ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဆရာဟောင်း ဟိုဆေးမော်ရင်ဟို ကိုင်တွယ်လို့နေတဲ့ စပါးအသင်းဆီ ပြောင်းရွှေ့ကစားဖို့ ပိုမိုနီးစပ်နေပေမယ့်လည်း ဝီလီယံရဲ့ အေးဂျင့်ကတော့ လတ်တလောမှာ မြောက်လန်ဒန်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးပြောဆိုခြင်း မရှိသေးဘူးလို့ ငြင်းဆန်လို့ထားပါတယ်။