ဘရာဇီးလ် ဝါရင့်တောင်ပံကစားသမား ဝီလီယံဟာ သူရဲ့လက်ရှိကလပ် အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပြီးတဲ့နောက် သူရဲ့ဘောလုံးသမားဘဝကို အစပြုခဲ့တဲ့ ဘရာဇီး ထိပ်တန်းဘောလုံးအသင်း တစ်သင်းဖြစ်တဲ့ ကိုရင်သီယန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၂၃ခုနှစ်အထိ သက်တမ်းရှိတဲ့ (၂)နှစ်စာချုပ်ကို ချုပ်ဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Onze Mondial

အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်ညာတောင်ပံကစားသမား ဝီလီယံဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ ချယ်လ်ဆီးအသင်းကနေ အာဆင်နယ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အာဆင်နယ်ဘက်က ဝီလီယံကို တစ်ပတ်လုပ်ခအဖြစ် ပေါင်(၂၄၀၀၀၀)အထိ ပေးချေနေရတာ ဖြစ်ပါတယ်။ ဝီလီယံဟာ အာဆင်နယ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရသလို သူရဲ့ အပြုအမှု အပြောအဆိုတွေကလည်း အသင်းဖော်တွေ အသင်းပရိသတ်တွေအတွက် အဆင်မပြေမှုတွေ ဖြစ်ခဲ့ရတာကြောင့် နောက်ဆုံးမှာတော့ အာဆင်နယ်ဘက်ကနေ ဝီလီယံနဲ့ စာချုပ်ဖျက်သိမ်းကြောင်း ထုတ်ပြန်လိုက်ရပြီး ဝီလီယံလည်း သူရဲ့မူလပထမ ကလပ်ဖြစ်တဲ့ ကိုရင်သီယန်အသင်းနဲ့ ပြန်လည်လက်တွဲခဲ့ပါတယ်။

Photo Credit : The Short Fuse

ဘယ်ခြမ်းညာခြမ်းနဲ့ လိုအပ်ရင် ကွင်းလယ်တိုက်စစ်ပိုင်းမှာပါ ကစားတတ်တဲ့ ဝီလီယံကို အာဆင်နယ်အသင်းဘက်ကနေ (၃)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် တစ်ရာသီအတွင်း ပရီးမီးယားလိဂ်မှာသာမက ပြိုင်ပွဲစုံမှာပါ သွင်းဂိုး(၁)ဂိုးတည်းကိုသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုမှာလည်း ပရီးမီးယားလိဂ်မှာ (၅)ကြိမ်နဲ့ ယူရိုပါလိဂ်မှာပါ (၂)ကြိမ်ထိသာပဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ပိုင်း အားနည်းမှုတွေနဲ့ သူရဲ့ စကားဖွာမှုတွေကြောင့် အာဆင်နယ်ဘက်က ဝီလီယံကို ဆက်ထိန်းထားဖို့ ဆန္ဒမရှိတော့ပဲ စာချုပ်သက်တမ်း (၂)နှစ်အထိ ကျန်ရှိနေသေးချိန်မှာပဲ စာချုပ်ဖျက်သိမ်းခဲ့ပြီး ဝီလီယံကလည်း ဘရာဇီးလ်ကလပ် ကိုရင်သီယန်ကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ အသင်းရဲ့ လစာမြင့်မားတဲ့ ကစားသမားဖြစ်သူ ဝီလီယံကို လက်လွတ်လိုက်တာကြောင့် ပေါင်သန်း(၂၀)လောက်အထိ သက်သာသွားခဲ့ရတာက အသင်းအတွက် အတော်လေး အကျိုးရှိစေခဲ့ရပါတယ်။ အာဆင်နယ်ဟာ နွေစျေးကွက်ရဲ့ နောက်ဆုံးနေ့မှာပဲ နောက်ထပ် ကစားသမားသစ် (၂)ယောက်ကိုပါ ခေါ်ယူသွားနိုင်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။