ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်တောင်ပံတိုက်စစ်ကစားသမား ဝီလီယံကို နာမည်ကြီး ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ဟမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ မေဂျာလိဂ်ဘောလုံးအသင်း အင်တာမိုင်ယာမီကနေ ခေါ်ယူသွားဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့ရာ ကစားသမားဘက်ကနေ ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချသွားခဲ့ကြောင်း ဗြိတိန်သတင်းမီဒီယာကြီး Telegraph ကနေ ဖော်ပြလာခဲ့ပြီး ဝီလီယံအနေနဲ့ ဥရောပမှာပဲ သူရဲ့ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းသွားဖွယ် ရှိနေပါတယ်။

Photo Credit : Football.London

အသက်(၃၁)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တောင်ပံကစားသမား ဝီလီယံဟာ သူရဲ့ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးနေပြီဖြစ်ပေမယ့်လည်း အသင်းက ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်နဲ့ အက်အေဖလားပြိုင်ပွဲတွေကိုပါ ဆက်လက်ဆင်နွဲရဦးမှာဖြစ်လို့ အသင်းနဲ့ သြဂုတ်လအထိကို စာချုပ်သက်တမ်း ယာယီတိုးမြှင့်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲတွေပြီးဆုံးရင်တော့ အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေပါတယ်။ ဝီလီယံကို လက်ရှိမှာ သူရဲ့ဆရာဟောင်းမော်ရင်ဟို ကိုင်တွယ်နေတဲ့ စပါးအသင်းကနေလည်း လုပ်ခလစများစွာနဲ့ ကမ်းလှမ်းဖွယ်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

Photo Credit : Mirror

ဝီလီယံဟာ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်ချိန်ကနေပြီး ချယ်လ်ဆီးအသင်းအတွက် လိဂ်ပွဲ(၆)ပွဲအထိ ဆက်တိုက်ပါဝင်ပေးခဲ့သလို လက်စတာကို အနိုင်ယူခဲ့တဲ့ အက်အေဖလားကွာတားဖိုင်နယ်မှာလည်း ပါဝင်ကစားခဲ့ပါတယ်။ ဒီကာလအတွင်းမှာ ဝီလီယံဟာ ချယ်လ်ဆီးအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို ရယူပေးနေပြီး မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း သူရဲ့ပင်နယ်တီဂိုးကြောင့် အနိုင်ရခဲ့တာဖြစ်သလို (၆)ပွဲမှာ သွင်းဂိုး(၄)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလိုခြေစွမ်းကောင်းတွေ ပြန်လည်ပြသနိုင်ထားတဲ့ ဝီလီယံကို ချယ်လ်ဆီးအသင်းကနေ စာချုပ်သက်တမ်း တိုးမြှင့်ချင်နေပြီး ရာသီမကုန်ခင်မှာပဲ သက်တမ်းတိုးဖို့ ကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။ ယခင်တုန်းကတည်းက ချယ်လ်ဆီးအသင်းဟာ ဝီလီယံကို သက်တမ်းတိုးချင်နေတာဖြစ်ပေမယ့် (၂)နှစ်သက်တမ်းနဲ့ ကမ်းလှမ်းခြင်းအပေါ် ဝီလီယံက စိတ်တိုင်းမကျဖြစ်ခဲ့ပြီး (၃)နှစ်လောက်နဲ့ ကမ်းလှမ်းဖို့ ပြန်လည်တောင်းဆိုခဲ့ရာ အဆင်မပြေတော့ပဲ သက်တမ်းတိုးမယ့်ကိစ္စကို ရပ်တန့်ထားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ နည်းပြလမ်းပတ်ကိုယ်တိုင်ကပါ ဝီလီယံကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေပြီး ဝီလီယံကလည်း ချယ်လ်ဆီးမှာပဲ ဆက်လက်ကစားချင်နေပါတယ်။