ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာ သွားခဲ့တဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ဝီလီယံဟာ လက်ရှိမှာတော့ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့တော့မယ် လို့ သိရပါတယ်။ အသက် ၃၁နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဝီလီယံဟာ ချယ်လ်ဆီးအသင်းမှာ ၈နှစ်ကြာ အောင် ကစားခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးအသင်း ကနေ ထွက်ခွာချိန်မှာ ချယ်လ်ဆီးအသင်းဟာ သူ့ကို နှစ်ကြိမ်တိတိ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ချယ်လ်ဆီးအသင်းဟာ သူ တောင်းဆိုတဲ့ အတိုင်း သူ့ကို ၃နှစ်သက်တမ်း ရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်းခြင်း မရှိတာကြောင့် ဝီလီယံဟာ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တာပါ။

Photo Credit: Standard

ဝီလီယံဟာ အသက်၃၁နှစ်အရွယ် ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံ တိုက်စစ် ကစားသမားတွေထဲက တစ်ဦးအဖြစ် ခြေစွမ်းပြနေဆဲ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ပွဲ ပါဝင် ကစားခဲ့ရာမှာ ၉ဂိုး သွင်းယူပေးခဲ့ကာ ၇ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ အာဆင်နယ်အသင်းဟာ ဝီလီယံကို ခေါ်ယူဖို့ ဘာစီလိုနာ ၊ အင်တာမီယာမီ ၊ စပါး စတဲ့ အသင်းတွေနဲ့ ပြိုင်ဆိုင်ကာ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ အာဆင်နယ်အသင်းဟာ တစ်ပတ်လုပ်ခ ပေါင် ၁၀၀၀၀၀ နဲ့ ၃နှစ်သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ်နဲ့ ဝီလီယံကို ကမ်းလှမ်းခဲ့ကာ ဝီလီယံဟာလည်း အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Standard

ဝီလီယံ ရရှိခဲ့တဲ့ ကမ်းလှမ်းမှုတွေထဲမှာ အင်တာမီယာမီ အသင်းရဲ့ ကမ်းလှမ်းမှုဟာ လုပ်ခ လစာအမြင့်မားဆုံး ဖြစ်ပေမယ့် ဝီလီယံဟာ ဘောလုံး ကစားသမားဘဝ ကနေ အနားယူပြီးတဲ့ နောက်မှာ လန်ဒန်မြို့မှာပဲ ဆက်ရှိနေချင်တာကြောင့် လန်ဒန်မြို့ခံအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ Evening Standard သတင်းဌာနရဲ့ အဆိုအရ တော့ လက်ရှိအချိန်မှာ ဝီလီယံဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် လိုအပ်တဲ့ ဆေးစစ်မှုတွေကို ခံယူနေပြီး ဆေးစစ်မှုတွေ အောင်မြင်တာနဲ့ အာဆင်နယ်အသင်းဆီကို တရားဝင် ပြောင်းရွှေ့နိုင်တော့မယ် လို့ သိရပါတယ်။ ဒါ့ကြောင့် နောက်ထပ် ၄၈နာရီအတွင်း မှာ အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေ အနေနဲ့ သတင်းကောင်း ကြားရဖွယ် ရှိတယ်လို့ အမှာစကား ပါးလိုက်ပါရစေဗျာ…။