အာဆင်နယ်အသင်းမှာ ရှိနေရချိန်က သူရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝအတွင်းမှာတော့ အဆိုးရွှားဆုံး အချိန်ကာလတွေပဲလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားခဲ့ဖူးတဲ့ ဘရာဇီးလ် ဝါရင့်တောင်ပံကစားသမားကြီး ဝီလီယံဟာ အခုလည်း သူရဲ့ ကလပ်အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး (၃)လလောက်အကြာမှာပဲ အသင်းကနေ ပြန်လည်ထွက်ခွာချင်တဲ့ စိတ်တွေ ပေါ်ပေါက်လာမိတယ်လို့ ထပ်မံပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၃၃)နှစ်အရွှယ်ရှိ တောင်ပံကစားသမား ဝီလီယံဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကမှ ချယ်လ်ဆီးကနေ အာဆင်နယ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကို ရောက်ရှိသွားချိန် အချိန်တိုလေးအတွင်းမှာပဲ ပျော်ရွှင်မှုတွေ မရရှိလို့ အသင်းကနေ ပြန်လည်ထွက်ခွာချင်စိတ် ဖြစ်ပေါ်လာမိခဲ့တယ်လို့ ဝီလီယံက ဝန်ခံပြောဆိုထားပါတယ်။ ဝီလီယံက “ကျွန်တော် မပျော်ရွှင်ခဲ့ဘူး။ အဲ့ဒါကြောင့်ပဲ ကျွန်တော် အကောင်းဆုံးပုံစံနဲ့ မကစားပြနိုင်ခဲ့တာ။ အသေးစိတ်အထိတော့ မပြောပြချင်ပေမယ့်လည်း ကျွန်တော် လုံးဝကို မပျော်ရွှင်ခဲ့ပါဘူး။ အသင်းကို စတင်ရောက်ရှိလာခဲ့ချိန်မှာတော့ ကျွန်တော် ပျော်ရွှင်နေမိသေးတယ်။ စစချင်းမှာတော့ ကျွန်တော် စိတ်အားထက်သန်နေခဲ့တယ်”

Photo Credit : Football London

“ကလပ်အသင်းသစ် အသင်းဖော် အသစ်တွေနဲ့ ပရောဂျက်အသစ်တွေကို ကောင်းကောင်းလုပ်ဆောင်သွားချင်ခဲ့မိတယ်။ ဒါပေမယ့် သုံးလလောက်အကြာမှာပဲ ငါဒီကနေ ထွက်ခွာသွားချင်မိပြီလို့ ကျွန်တော်ရဲ့ အေးဂျင့်ကို ပြောဆိုလာမိခဲ့တယ်။ ကလပ်အသင်းနဲ့ သက်ဆိုင်တဲ့ ဆိုးဆိုးရွှားရွှား အကြောင်းအရာတွေကိုတော့ ကျွန်တော် ထုတ်မပြောချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်ဆိုတာက အသင်းကြီး တစ်သင်းပါ။ ဘောလုံးနဲ့ ပတ်သက်ရင်လည်း ကြီးမားတဲ့ သမိုင်းကြောင်းတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းပါ။ အသင်းကြီး တစ်သင်း မဖြစ်ခင်ကတည်းက နာမည်ကျော် ကစားသမားတွေ ပါဝင်ကစားနေတဲ့ အသင်းပါ။ ဒါပေမယ့်လည်း ဒါက အလုပ်ဖြစ်ခဲ့ပါဘူး။ ဒီမှာရှိနေတဲ့ အချိန်တွေကတော့ ကျွန်တော့် ကစားသမားဘဝရဲ့ အခက်ခဲဆုံးသော အချိန်တွေ ဖြစ်ခဲ့ရပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့ (၃)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တဲ့ ဝီလီယံဟာ အသင်းမှာ တစ်ရာသီသာ ကျင်လည်ခဲ့ပြီးတဲ့နောက် အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီး သူရဲ့ပထမဆုံးသော ကလပ်အသင်းဖြစ်တဲ့ ကိုရင်သီယန်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။