ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ချယ်လ်ဆီးအသင်းရဲဲ့ ဝါရင့်ဘရာဇီးတောင်ပံကစားသမား ဝီလီယံကို ချယ်လ်ဆီးဘက်ကနေ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေ သေချာမပြုလုပ်သေးပဲ ရာသီအကုန်မှာသာ အသင်းကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာရမယ်ဆိုရင် သူရဲ့ဆရာဟောင်းဖြစ်ခဲ့ဖူးတဲ့ ဂျိုဆေးမော်ရင်ဟိုနဲဲ့ ပြန်လည်လက်တွဲသွားချင်နေတယ်လို့ ပြောဆိုခဲ့တာကြောင့် လာမယ့်ဘောလုံးရာသီမှာတော့ ချယ်လ်ဆီးရဲ့လန်ဒန်ဒါဘီအသင်းဖြစ်တဲဲ့ စပါးအသင်းမှာ မြင်တွေ့သွားရဖွယ်ရှိနေပါတယ်။

Photo Credit : Sky Sport

အသက်၃၁နှစ်အရွှယ်ရှိပြီဖြစ်တဲ့ တောင်ပံကစားသမား ဝီလီယံဟာ ၂၀၁၃ခုနှစ်ကမှ ယူကရိန်းထိပ်သီးကလပ် ရှက်တာဒိုးနက်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့ကို မော်ရင်ဟိုကိုယ်တိုင် ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ မော်ရင်ဟိုနဲ့ ဝီလီယံတို့ဟာ ချယ်လ်ဆီးမှာ နှစ်အတန်ကြာ လက်တွဲခဲ့တဲ့အပြင် မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြနေစဉ်အတွင်းမှာလည်း ဝီလီယံကို ခေါ်ယူဖို့ မော်ရင်ဟိုဘက်ကနေ ကြိုးပမ်းခဲ့ပါသေးတယ်။ အခုလည်း ချယ်လ်ဆီးနဲ့ လက်တွဲဖြုတ်ဖို့ အနီးစပ်ဆုံးဖြစ်လို့နေတဲ့ ဝီလီယံကို စပါးအသင်းနည်းပြဖြစ်နေတဲ့ မော်ရင်ဟိုက ပစ်မှတ်ထားနေခဲ့သလို ဝီလီယံကလည်း သူ့ဆရာဟောင်းနဲ့ ပူးပေါင်းဖို့အတွက် စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : Football365

ဝီလီယံက မော်ရင်ဟိုနဲ့သူနဲ့ကြားမှာ အရမ်းကို ရင်းနှီးကျွမ်းဝင်လှတဲ့ ဆက်ဆံရေးကောင်းတစ်ခုရှိပြီး သူရဲ့အသင်းသားတွေအပေါ် စီမံခန့်ခွဲတာ အရမ်းထူးခြားကောင်းမွန်ကာ လေ့ကျင့်ရေးအစီအစဉ်မှာလည်း အသင်းသားတွေကို ပျော်ရွှင်အောင် အမြဲလုပ်တတ်သူဖြစ်လို့ သူ့ဆီကနေ အတွေ့အကြုံတွေ ပညာတွေကို များစွာသင်ယူထားခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ တကယ်လို့များ ချယ်လ်ဆီးနဲ့ သူရဲ့ကြားမှာ စာချုပ်သက်တမ်းကုန်ဆုံးသွားလို့ အသင်းကို ကျောခိုင်းရတော့မယ်ဆိုရင်လည်း သူအနေနဲ့ လန်ဒန်မှာ နေထိုင်ရတာကိုသာ အဆင်ပြေတာကြောင့် အခြားနေရာတွေထက် လန်ဒန်မှာ ဆက်နေရမယ့် အခွင့်အရေးကိုပဲ ရွေးချယ်မှာဖြစ်ပြီး သူရဲ့မိသားစုဝင်တွေကလည်း လန်ဒန်မှာနေထိုင်ရတာ နေသားကျနေတဲ့အတွက် လန်ဒန်ကို စွန့်ခွာဖို့က ဖြစ်နိုင်ခြေနည်းတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် လန်ဒန်အခြေစိုက်အသင်းဖြစ်တဲ့အပြင် သူရဲ့ဆရာဟောင်း မော်ရင်ဟိုပါ ရှိနေတဲ့ စပါးအသင်းဆီကို ပြောင်းရွှေ့သွားဖွယ် ရှိနေပါတယ်။