ချယ်လ်ဆီးအသင်းရဲ့ တောင်ပံ ကစားသမား တစ်ဦးဖြစ်တဲ့ ဘရာဇီးလ်သား ဝီလီယံကတော့ သူနဲ့အသင်းဟာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် နှစ်ဦးနှစ်ဖက်ကြားမှာ သဘောတူညီမှုတွေ မရရှိခဲ့ဖူးလို့ အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၅ဂိုး သွင်းယူပေးထားနိုင်တဲ့ ဝီလီယံဟာ အသက်၃၁နှစ်အရွယ် ရှိနေပြီ ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူ ဖြစ်ပြီး ချယ်လ်ဆီးအသင်းဘက်က သူ့ကို နှစ်နှစ်စာချုပ် နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ဝီလီယံကတော့ စာချုပ်သစ်မှာ သူ့ရဲ့စာချုပ်သက်တမ်းကို သုံးနှစ် အထိ လိုချင်နေတာကြောင့် ဆွေးနွေးမှုတွေဟာ ပျက်ပြယ်သွားခဲ့ရတာပါ။

Photo Credit: Metro.com

ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ်ဆွေးနွေးမှုတွေ ပြီးဆုံးသွားပြီ ဆိုတဲ့အကြောင်းကို ဝီလီယံ က Expediente Futebol သတင်းဌာနနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။ လက်ရှိမှာတော့ ဝီလီယံကို ခေါ်ယူဖို့အတွက် လန်ဒန်အခြေစိုက် အသင်းနှစ်သင်းဖြစ်တဲ့ အာဆင်နယ် ၊ စပါးစတဲ့ အသင်းတွေအပြင် ဥရောပ ထိပ်သီးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်စတဲ့ အသင်းတွေကလည်း စောင့်ကြည့်နေကြပြီး ဝီလီယံဟာ အခြေကျနေပြီဖြစ်တဲ့ လန်ဒန်မြို့မှာပဲ ဆက်လက် ရှိလိုနေတာကြောင့် အာဆင်နယ်အသင်းနဲ့ စပါးအသင်း နှစ်သင်းထဲက တစ်သင်းကို ရွေးချယ်ပြီး ပြောင်းရွှေ့ဖွယ် ရှိနေကြောင်းနဲ့ သူ့ရဲ့ ဆရာဟောင်း မော်ရင်ဟိုရှိနေတဲ့ စပါးအသင်းကို ပြောင်းရွှေ့ဖို့ ပိုပြီး အခွင့်အလမ်းများနေတယ်လို့ သိရပါတယ်။

Photo Credit: Metro.com

ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ်ဆွေးနွေးမှု ပျက်ပြယ်သွားတဲ့အကြောင်းကို ဝီလီယံက ” ချယ်လ်ဆီးနဲ့ စာချုပ်သစ် ဆွေးနွေးမှုက ပြီးဆုံးသွားပါပြီ။ ကျွန်တော့်ရဲ့စာချုပ်က နောက်လ အနည်းငယ်ဆိုရင် ကုန်တော့မယ်ဆိုတာကို အားလုံးလဲ သိကြမှာပါ။ စာချုပ်သစ် ချူပ်ဖို့က ခက်ခဲနေပါတယ်။ ချယ်လ်ဆီးဟာ ကျွန်တော့် ကို နှစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာပါ။ ကျွန်တော်က သုံးနှစ်လိုချင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ နောက်ထပ်ဆွေးနွေးမှုတွေကို ဆက်ပြီး လုပ်သွားတော့မှာ မဟုတ်ပါဘူး ” လို့ အတည်ပြုပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဝီလီယံနဲ့ပတ်သတ်ပြီး အမှတ်တရလေးတွေ ရှိကြလားဗျ…။ ရှိရင် comment မှာ ရေးသွားပေးကြပါဦး….။