ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်တောင်ပံ ကစားသမားတစ်ဦး ဖြစ်တဲ့ ဝီလီယံဟာ လက်ရှိရာသီ အကုန်မှာ ချယ်လ်ဆီးအသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့် ကစားသမား ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို အလွတ်​ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် ဥရောပထိပ်သီး အသင်းအတော်များများ ကမ်းလှမ်းထားကြပါတယ်။ အသက်၃၁နှစ်အရွယ် ဝီလီယံဟာ ချယ်လ်ဆီးအသင်းမှာ ကာလရှည် ကစားခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးအသင်းနဲ့အတူ ဆုဖလားများစွာကို ဆွတ်ခူးထားနိုင်ခဲ့သလို အသင်းပရိသတ် တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုပါ ရရှိခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက သူ့ကို နှစ်နှစ်သက်တမ်း ရှိတဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ကာ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့သူ တစ်ဦးပါ။

Photo Credit: Football London.com

ဝီလီယံဟာ သုံးနှစ်သက်တမ်းရှိတဲ့ စာချူပ်ကို လိုချင်ခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းဘက် ကတော့ သူတို့အသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီအတိုင်း အသက်၃၀ကျော် ကစားသမား တွေကို နှစ်နှစ်ထက်ပိုပြီး စာချုပ်သစ် မချုပ်ဆိုဘူးလို့ ဝီလီယံကို အကြောင်းပြန်ခဲ့တာကြောင့် ဝီလီယံဟာ ရာသီအကုန်မှာ ချယ်လ်ဆီးအသင်း ကနေ ထွက်ခွာဖို့အတွက် အကြောင်းဖန်လာခဲ့တာပါ။ လက်ရှိမှာ ဝီလီယံကို ခေါ်ယူဖို့အတွက် အသင်းကြီးအများစုက ချိတ်ဆက်ထားပေမယ့် နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ ESPN ကတော့ ဝီလီယံဟာ ချယ်လ်ဆီးအသင်းရဲ့ မြို့ခံ ပြိုင်ဘက်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် ရာခိုင်နှုန်းများ နေကြောင်း ယနေ့မနက်မှာပဲ ဖော်ပြခဲ့ပါတယ်။

Photo Credit: Football London.com

ဝီလီယံဟာ လန်ဒန်မြို့ရဲ့ လူနေမှုဘဝကို သဘောကျကြောင်းနဲ့ သူ့ရဲ့မိသားစုဟာလည်း လန်ဒန်မြို့မှာသာ အခြေချလိုကြောင်း မကြာခဏ ဆိုသလို ဖွင့်ဟခဲ့ဖူးတာကြောင့် အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ကာ လန်ဒန်မြို့မှာပဲ ဆက်လက်အခြေချဖို့ ရှိတယ် လို့ ဘောလုံးကျွမ်းကျင်သူတွေကလည်း တညီတညွတ်ထဲ ဆိုထားကြပါတယ်။ ဒါ့အပြင် လက်ရှိ အာဆင်နယ်အသင်းမှာ ဝီလီယံရဲ့ အချစ်ဆုံး သူငယ်ချင်းတွေထဲက တစ်ဦးဖြစ်တဲ့ ဒေးဗစ်လူးဝစ်လဲ ရှိနေတာကြောင့် လူးဝစ်ကို အသုံးချကာ အာဆင်နယ်အသင်းဟာ ဝီလီယံကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ လန်ဒန်အခြေစိုက် သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဝီလီယံကို ခေါ်ယူဖို့အတွက် နောက်ထပ် လန်ဒန်မြို့ခံအသင်းဖြစ်တဲ့ စပါးအသင်းကလဲ စိတ်ဝင်စားနေပြီး စပါးအသင်းမှာ ဝီလီယံရဲ့ ဆရာဟောင်းဖြစ်သူ မော်ရင်ဟို ရှိနေတဲ့ အချက် ကြောင့် ဘယ်အသင်းကို ဝီလီယံ ရွေးချယ်သွားမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။