ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ မြို့ခံပြိုင်ဘက် အသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံ ကစားသမားဖြစ်သူ ဝီလီယံကို ယခုရာသီ ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမယ့် အပြောင်းအရွှေ့ အတွက် အရေးကြီးတဲ့ လစာကိစ္စကြောင့် ဆွေးနွေးမှုတွေဟာ ခက်ခဲနေတယ်လို့ လန်ဒန်မြို့ အခြေစိုက် သတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက်၃၁နှစ်အရွယ် ဝီလီယံဟာ ချယ်လ်ဆီးအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ကာ အသင်းပြောင်းဖို့အတွက် ရွေးချယ်ထားသူ ဖြစ်ပြီး သူ့ရဲ့မိသားစုအပါအဝင် သူကပါ လန်ဒန်မြို့ကနေ မထွက်ခွာလိုတာ ကြောင့် လန်ဒန်မြို့အခြေစိုက် အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ဖို့ စိတ်ဝင် စားနေသူပါ။

Photo Credit: Mirror.com

ဝီလီယံဟာ ချယ်လ်ဆီးအသင်းမှာ ကာလရှည် ကစားခဲ့သူဖြစ်သလို အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ဦးလဲ ဖြစ်ပေမယ့် စာချုပ်သစ်အတွက် ဆွေးနွေးရာမှာတော့ ချယ်လ်ဆီးအသင်းဟာ ဝီလီယံကို နှစ်နှစ် သက်တမ်းရှိတ​ဲ့ စာချုပ်နဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် အပြောင်းအရွှေ့အတွက် ဆွေးနွေးမှု ဟာ ပျက်ပြယ်ခဲ့ရတာပါ။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဝီလီယံဟာ အာဆင်နယ် အသင်းနဲ့ ဆွေးနွေးရာမှာလည်း သူ့ကို သုံးနှစ် သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ တောင်းဆို ခဲ့ပြီး အာဆင်နယ်အသင်းဘက်က ဝီလီယံရဲ့ တောင်းဆိုမှုကို လိုက်လျောဖွယ်ရှိပေမယ့် ဝီလီယံ တောင်းဆိုတဲ့ လုပ်ခလစာကို ပေးချေဖို့တော့ လက်တွန့်နေတယ်လို့ သိရှိရပါတယ်။

Photo Credit: Mirror.com

ဝီလီယံဟာ အာဆင်နယ်အသင်းအနေနဲ့ သူ့ကို ခေါ်ယူလိုပါက လက်ရှိ သူ့ရဲ့တစ်ပတ်လုပ်ခ လစာ ဖြစ်တဲ့ ပေါင်၁၂၀၀၀၀ကို ပေးချေရမှာ ဖြစ်သလို သုံးနှစ်စာချုပ် ချုပ်ဆိုရမယ်လို့ တောင်းဆိုထားပြီး အဆိုပါတောင်းဆိုမှုအရ ဆိုရင် အာဆင်နယ်အသင်းဟာ သုံးနှစ်စာ လုပ်ခ အတွက် ဝီလီယံကို ပေါင်၁၈.၇သန်းအထိ ပေးချေရမှာပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေကတော့ အသက်၃၀ကျော်အရွယ် ကစားသမားတစ်ဦးကို လုပ်ခလစာ ပေါင်၁သိန်း အထိသာ အာဆင်နယ်အသင်းက ပေးလိုနေကြောင်း ဖွင့်ဟထားကြပြီး ဝီလီယံရဲ့ အေးဂျင့် ဖြစ်သူ ဂျိုရက်ချိန်ဟာ အာဆင်နယ်အသင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် ဝီလီယံနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကြားမှာ လုပ်ခလစာ ပြဿနာဟာ မကြာခင်မှာပဲ ပြေလည်သွားမှာ ဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။