အာဆင်နယ်အသင်းကတော့ သူတို့ရဲ့လန်ဒန်ဒါဘီအသင်း ချယ်လ်ဆီးအသင်းဆီကနေ နောက်ထပ်ကစားသမားတစ်ယောက်ကို ထပ်မံခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ဂါးလက်စ် ဘီနာယွန်း ပီတာချက် ဒေးဗစ်လုဇ်တို့ကို ချယ်လ်ဆီးအသင်းကနေ ခေါ်ယူဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ အခုလည်း နောက်ထပ်ချယ်လ်ဆီးကစားသမားတစ်ယောက်ဖြစ်တဲ့ တောင်ပံကစားသမားဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေး (၃)နှစ်စာချုပ်နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၃၁)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဝီလီယံဟာ ချယ်လ်ဆီးအသင်းမှာ ၂၀၁၃ခုနှစ်လောက်စတင်ပြီး ပါဝင်ကစားခဲ့တဲ့ ဝါရင့်ကစားသမားကြီးတစ်ယောက်ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးမှာ သက်တမ်းတိုးဖို့ ညှိနှိုင်းမှုအဆင်မပြေတာကြောင့် အသင်းနဲ့လမ်းခွဲခဲ့တာဖြစ်ပါတယ်။ Free Agent ဖြစ်သွားခဲ့တဲ့ ဝီလီယံကို ဥရောပထိပ်သီးအသင်းများစွာကနေ ပစ်မှတ်ထားခဲ့ပေမယ့် သူကိုယ်တိုင်ရော သူ့မိသားစုဝင်တွေကပါ လန်ဒန်မြို့မှာ အခြေကျနေတဲ့အတွက် လန်ဒန်အခြေစိုက်ဖြစ်တဲ့ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ဖို့ကိုပဲ ရွေးချယ်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Soccer-NBC Sports

ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းက ဝီလီယံဖြစ်စေချင်နေတဲ့အတိုင်း (၃)နှစ်စာချုပ်အပါအဝင် တစ်ပတ်လုပ်ခကိုလည်း ပေါင်(၁)သိန်းဝန်းကျင်လောက်နဲ့ ကမ်းလှမ်းခဲ့တာလို့ သိရှိရပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် ဘောလုံးဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ PES ရဲ့ PES 2021 နမူနာဗီဒီယိုမှာလည်း ဝီလီယံကို အာဆင်နယ်ဝတ်စုံနဲ့ ဖော်ပြခဲ့ပြီး အာဆင်နယ်ရဲ့ကစားသမားသစ်ခေါ်ယူမှုဆိုတဲ့ပုံစံနဲ့ ဖော်ပြသွားခဲ့ပါသေးတယ်။ ဝီလီယံဟာ သူ့ကို ချယ်လ်ဆီးအသင်းဘက်ကနေ (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ထပ်မံကမ်းလှမ်းလာမှုအပေါ် ငြင်းဆန်ပယ်ချပြီးနောက်ပိုင်းကတည်းက အာဆင်နယ်အသင်းနဲ့ တောက်လျှောက်သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဝီလီယံကိုယ်တိုင်ကလည်း သူအနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ကစားတော့မယ့်အကြောင်းကို အရင်းနှီးဆုံး မိတ်ဆွေတွေဆီမှာ အသိပေးထားခဲ့တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ပရိသတ်တွေကတော့ သူတို့ရဲ့အချစ်တော်ကစားသမားက သူတို့ကို အက်အေဖလားဖိုင်နယ်ပွဲမှာ အနိုင်ယူထားခဲ့တဲ့ ခါးသီးမြို့ခံပြိုင်ဘက်အသင်းဆီ ပြောင်းရွှေ့တော့မှာမို့ အရမ်းကို စိတ်ထိခိုက်နေရပြီး အသင်းမှာ ဆက်မထိန်းနိုင်ခဲ့အပေါ် အသင်းတာဝန်ရှိသူတွေကို စိတ်ဆိုးဒေါသထွက်နေလျက်ရှိပါတယ်။