အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ပြင်သစ်နောက်ခံကစားဟောင်းကြီး ဝီလီယံဂါးလက်စ်က သူ့အသင်းအနေနဲ့ ဘရိုက်တန်အသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမား ဘင်ဝှိုက်ကို မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ပေါင်သန်း(၅၀)နဲ့ ခေါ်ယူခြင်းအပေါ် နားလည်လို့မရနိုင်ပဲ ဒီလိုအချိန်မှာ အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့တဲ့ နောက်ခံလူ ဗာရန်းကို ပေါင်သန်း(၄၀)နဲ့ ခေါ်ယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ကမှ အားရစရာ အနေအထားမှာ ရှိခဲ့တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ဒီနှစ်ဘောလုံးရာသီရဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမှုတွေအတွက် ငွေကြေးအများဆုံး အသုံးပြုထားခဲ့တဲ့ အာဆင်နယ်အသင်းဟာ အသင်းရဲ့ ခံစစ်ပိုင်းအတွက်ကိုလည်း အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား ဘင်ဝှိုက်ကိုပါ ဘရိုက်တန်အသင်းကနေ ပေါင်သန်း(၅၀)နဲ့ အရခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ ဘင်ဝှိုက်က အာဆင်နယ်ခံစစ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ဒီလို ကစားသမားမျိုးကို် ပေါင်သန်း(၅၀)အထိိ ငွေကြေးသုံးစွဲ ခေါ်ယူခဲ့ခြင်းကိုလည်း နားမလည်နိုင်အောင် ဖြစ်မိရတယ်လို့ ဂါးလက်စ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ဂါးလက်စ်က “အာဆင်နယ်အသင်းအနေနဲ့ သူက ဘယ်လိုကစားသမားမျိုးလဲဆိုတာကို သက်သေပြသနိုင်ခြင်း မရှိသေးတဲ့ ကစားသမားတစ်ယောက်အတွက် ဘာကြောင့်များ ပေါင်သန်း(၅၀)အထိ သုံးစွဲခဲ့ရသလဲဆိုတဲ့အပေါ် နားလည်နိုင်ဖို့ အတော်လေး ခက်ခဲပါတယ်။ တစ်ချိန်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းက ကမ္ဘာ့ဖလား(၁)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား(၄)ကြိမ်အထိ ပိုင်ဆိုင်ထားတဲ့ ဗာရန်းလို ခံစစ်မှူးမျိုးကို ပေါင်သန်း(၄၀)ဝန်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ သူက စပိန်မှာပါ အောင်မြင်ခဲ့တဲ့သူပါ။ ဆိုတော့ ဘင်ဝှိုက်ရဲ့ အပြောင်းအရွှေ့ပေါ် မေးခွန်းထုတ်ချင်စရာပါပဲ။ ဒါပေမယ့် ဘင်ဝှိုက်က အင်္ဂလန်ကစားသမား ဖြစ်နေတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မ်ယ်။ ဗာရန်းနဲ့ ဘင်ဝှိုက်တို့က အဆင့်အတန်းချင်း ကွဲပြားတဲ့ ကစားသမားတွေပါ။ ဝှိုက်က ငယ်သေးတယ်။ ဘာမှကိုလည်း သက်သေပြထားရခြင်း မရှိသေးတဲ့သူပါ။ ဒီလုုိ ကစားသမားအတွက် ပေါင်သန်း(၅၀) ဘယ်လိုသတ်မှတ်နိုင်မလဲ။ ကျွန်တော် ဒီကစားသမားကို မသိပေမယ့် လေးစားမှုတော့ ရှိ်ပါတယ်။ ထိပ်တန်းကစားသမား ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။