ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်တောင်ပံကစားသမားဖြစ်သူ ဝီလီယံဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ချယ်လ်ဆီးဘက်ကနေ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းပေမယ့် ကမ်းလှမ်းမှုအပေါ်မှာ ဝီလီယံက စိတ်တိုင်းမကျခဲ့တာကြောင့် ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ပြီး အသင်းနဲ့ လမ်းခွဲဖို့ကိုပဲ ပြင်ဆင်လာခဲ့ပါတယ်။ ဒါပေမယ့် ဝီလီယံရဲ့မိသားစုက လန်ဒန်မြို့မှာပဲ အခြေတကျ နေထိုင်ချင်နေသေးတာကြောင့် သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ လန်ဒန်အခြေစိုက် အသင်းများဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ကို ရွေးချယ်ဖွယ်ရှိနေပါတယ်။

ဘရာဇီးတောင်ပံကစားသမား ဝီလီယံဟာ ချယ်လ်ဆီးအသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့တဲ့ ဝါရင့်တောင်ပံကစားသမားတစ်ယောက်ဖြစ်ပြီးတော့ အသင်းနဲ့အတူ အောင်မြင်မှုပေါင်းများစွာကိုလည်း ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ အသက်၃၁နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဝီလီယံဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက ချယ်လ်ဆီးအသင်းနဲ့ လက်တွဲဖြုတ်ဖို့ စီစဉ်ခဲ့ဖူးသူဖြစ်ပြီး အခုလည်း အသင်းကနေ (၂)နှစ်စာချုပ်နဲ့ ကမ်းလှမ်းလာခဲ့မှုအပေါ် စိတ်တိုင်းကျခြင်းမရှိပဲ (၃)နှစ်အထိသာ သက်တမ်းတိုးချင်တာကြောင့် စာချုပ်ကိစ္စပြေလည်မှုမရခဲ့ပဲ အသင်းကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ ထွက်ခွာဖွယ်ရှိနေပါတယ်။

လက်ရှိမှာ ဝီလီယံကို အာဆင်နယ် စပါး မန်ချက်စတာယူနိုက်တက် ဂျုဗင်တပ်စ် အေစီမီလန် ဘာစီလိုနာအသင်းတို့ကနေ ခေါ်ယူဖို့အတွက် အပြိုင်အဆိုင်စိတ်ဝင်စားလျက်ရှိနေကာ ဝီလီယံကတော့ သူ့မိသားစုအတွက် အဆင်ပြေနိုင်ဖို့ လန်ဒန်မြို့မှာပဲ ဆက်လက်ရှိနေဖို့ကိုပဲ ဆုံးဖြတ်ချက်ချဖွယ်ရှိနေပါတယ်။ ဒါကြောင့်မို့ သူ့ကိုစိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ လန်ဒန်မြို့ခံအသင်းတွေဖြစ်တဲ့ အာဆင်နယ် ဒါမှမဟုတ် စပါးအသင်းတို့ထဲ တစ်သင်းသင်းကိုပဲ ရွေးချယ်နိုင်ဖွယ်ရှိနေပါတယ်။ ဒီနှစ်သင်းထဲမှာတော့ ဝီလီယံက သူနဲ့ချယ်လ်ဆီးအသင်းမှာ လက်တွဲခဲ့ဖူးသူ ဟိုဆေးမော်ရင်ဟို ကိုင်တွယ်လို့နေတဲ့ စပါးအသင်းကိုပဲ ရွေးချယ်ဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးကတော့ သူတို့ရဲ့ကစားသမားဖြစ်သူကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ချင်ပဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်လျက်ရှိနေပါတယ်။