MySport Myanmar

အာဂျင်တီးနားနဲ့ ပတ်သက်ပြီး ဘာပေရဲ့ မှတ်ချက်စကားကို ပါရေဒက်စ် ပြန်လည်တုံ့ပြန်

ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေက တောင်အမေရိက ဘောလုံးလောကနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုခဲ့အမှုအပေါ် ဘာပေရဲ့ ပီအက်စ်ဂျီအသင်းဖော် အာဂျင်တီးနား ကွင်းလယ်ကစားသမား လီယိုနာဒိုပါရေဒက်စ်က ပြန်လည်တုံ့ပြန် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Eurosport

၂၀၀၂ခုနှစ် ဂျပန်-တောင်ကိုရီးယား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်းမှာ အီတလီ စပိန် ဂျာမနီနဲ့ ပြင်သစ်တို့လို ဥရောပအသင်းတွေကပဲ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆက်တိုက်ပိုင်ဆိုင်နိုင်ခဲ့ပြီး တောင်အမေရိကအသင်းတွေရဲ့ အောင်မြင်ကျော်ကြားမှုက မှေးမှိန်နေခဲ့ရပါတယ်။ အဆိုပါ ကိစ္စရပ်နဲ့ပတ်သက်ပြီး TNT Sports Brasil က ဘာပေရဲ့ အတွေးအမြင်တွေကို မေးမြန်းလာခဲ့ရာ ဘာပေက “အာဂျင်တီးနားက ကမ္ဘာ့ဖလားကို ဝင်ရောက်ဆင်နွဲဖို့အတွက် အရည်အသွေးကောင်းတဲ့ ပွဲစဉ်တွေကို မကစားဖူးသေးပါဘူး”

Photo Credit : Sportskeeda

“တောင်အမေရိက ဘောလုံးအခြေအနေကလည်း ဥရောပလောက် အဆင့်မမြင့်ပါဘူး။ ဒါကြောင့် နောက်ဆုံး ကျင်းပထားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ကြည့်မယ်ဆိုရင် အမြဲတမ်း အနိုင်ရတဲ့ အသင်းတွေက ဥရောပက အသင်းတွေသာ ဖြစ်နေရတာ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ ဒီ မှတ်ချက်စကားကြောင့် ဘာပေဟာ အတော်လေးကို ဝေဖန်ခံနေရပြီး ဘာပေရဲ့ ကလပ်အသင်းဖော်ဖြစ်သူ ပါရေဒက်စ်ကလည်း ဘာပေရဲ့ မှတ်ချက်အပေါ် လက်သင့်မခံနိုင်ခဲ့ပဲ ပြန်လည်တုံ့ပြန်မှု ပြုလုပ်သွားခဲ့ပါတယ်။ ပါရေဒက်စ်က “ဘာပေနဲ့ အဲ့ဒီလိုပုံစံ ကစားသမားတွေက ပင်လယ်ရေမျက်နှာပြင်အထက်မှာ ကစားရတာ ကိုလံဘီယာနိုင်ငံရဲ့ အပူချိန်အောက်မှာနဲ့ တခြားသော နေရာတွေမှာ ကစားရတာမျိုးက ဘယ်လိုမျိုးလဲဆိုတာကို ဘယ်တော့မှ သိနိုင်မှာ မဟုတ်ပါဘူး” တုံ့ပြန်လိုက်ပါတယ်။ လက်ရှိမှာတော့ ပြင်သစ်ရော အာဂျင်တီးနားရောဟာ လာမယ့် နိုဝင်ဘာလအတွင်း ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပြီး သူတို့နှစ်သင်းလုံးက ကမ္ဘာ့ဖလားကို (၂)ကြိမ်စီ ပိုင်ဆိုင်ထားခဲ့သလို အာဂျင်တီးနားက ဒုတိယနေရာ (၃)ကြိမ် ပြင်သစ်က ဒုတိယနေရာ (၁)ကြိမ် ရရှိထားပါတယ်။ ဒါပေမယ့် အာဂျင်တီးနားက ၁၉၈၆ခုနှစ်မှာသာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲထားတာဖြစ်ပြီး ပြင်သစ်ကတော့ ၂၀၁၈ခုနှစ်မှာပဲ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ထားခဲ့ရပါတယ်။

Exit mobile version