ရှက်ဖီးယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်တဲ့ ခရစ်စ်ဝိုက်ဒါ က လီဗာပူး အသင်း အနေနဲ့ ပရိသတ်တွေကို ဘောလုံးကွင်းအတွင်း ပြန်လည်ဝင်ရောက် အားပေးနိုင်ဖို့ အခြေအနေမှာ ရှိနေပေမယ့် အခြားသော အသင်းတွေ အနေနဲ့ အဆိုပါ အခြေအနေမှာ ရှိမနေခြင်း အပေါ်ကို မမျှတဘူးလို့ ပြောဆိုလိုက်ပါတယ်။ ခရစ်စ်ဝိုက်ဒါ ဟာ ပြီးခဲ့တဲ့ အပတ်ကလည်း လီဗာပူး နည်းပြ ရဲ့ ပွဲစဉ်တစ်ပွဲ အတွင်း လူစားလဲမှု ၅ ကြိမ်အထိ ခွင့်ပြုပေးဖို့ တောင်းဆိုချက်အပါ်ကို ဝေဖန်ခဲ့ပြီးတော့ ကလော့ပ်ကိုလည်း တစ်ကိုယ်ကောင်းဆန် တယ်‌ဆိုပြီး ပြောဆိုခဲ့ပါတယ်။ လီဗာပူး အသင်းအနေနဲ့ လာမယ့် တစ်နိုင်ငံလုံးလော့ဒေါင်းကာလ ပြီးဆုံးမယ့် အချိန် ဖြစ်တဲ့ ဒီဇင်ဘာ ၁ ရက်က စတင်ပြီး ကွင်း အတွင်းကို ပရိသတ် အယောက် ၂၀၀၀ ထိ ဝင်ရောက်အားပေးခွင့် ရရှိမှာ ဖြစ်ပါတယ်။

Photo Credit: Metro

သို့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ ဆက်လက်ပြီး ပရိသတ်မပါပဲ ကွင်းပိတ် ကစားရမယ့် အသင်း စာရင်းဟာ ၁၀ သင်း ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ အဆိုပါ ကိစ္စအပါ်မှာ ရှက်ဖီး နည်းပြ ခရစ်စ်ဝိုက်ဒါက မမျှတ ဘူးလို့ ပြောဆိုလိုက်တာ ဖြစ်ပြီး‌တော့ နည်းပြ ကလော့ပ် အနေနဲ့ အဆိုပါ အခြေအနေမှာ အသင်းအားလုံးက ပရိသတ်တွေ ကို ကွင်းအတွင်း ပြန်လည်ဝင်ရောက် အားပေးနိုင်ဖို့ အတွက် မတောင်းဆိုခဲ့တာကို သူ့အနေနဲ့ မအံ့ဩမိဘူးလို့ ဝိုက်ဒါက ဆိုလိုက်ပါတယ်။ “ သူက ကမ္ဘာ့ အဆင့်မီ နည်းပြ တစ်‌‌ယောက်ဖြစ်ပြီးတော့ ကမ္ဘာ့ အဆင့်မီ နိုင်ငံရေးသမား တစ်ဦးပါ။ ဒါပေမယ့် သူက လီဗာပူး အတွက်ပဲ ဂရုစိုက်ပါတယ်။ သူက ဘယ်တုန်းကမှ ရှက်ဖီးပရိသတ်တွေ ကွင်းထဲမှာ ပြန်အားပေးနိုင်ဖို့ ဒါမှမဟုတ် နယူးကာဆယ် ဒါမှမဟုတ် မန်စီးတီး ဒါမှမဟုတ် မန်ယူ ဒါမှမဟုတ် အခြားအသင်းတွေ က ပရိသတ်တွေ ကွင်းထဲမှာ ပြန်အားပေးနိုင်ဖို့ အတွက် မတောင်းဆိုခဲ့ပါဘူး ”

Photo Credit: Metro

ပြီးခဲ့တဲ့ အပတ်ကလည်း ကလော့ပ်ရဲ့ လူစားလဲခွင့် ၅ ကြိမ် တောင်းဆိုမှု အပေါ်မှာ ဝိုက်ဒါက တစ်ကိုယ်ကောင်း ဆန်တယ်ဆိုပြီးတော့ ဝေဖန် ပြောဆိုခဲ့ပါတယ်။ “ သူ က သူ့ရဲ့ ကိုယ်ပိုင် အသင်းအတွက်ပဲ ကြည့်တယ်။ ကျွန်တော် ထိပ်သီးနည်းပြတွေ အပေါ်မှာ တအားလေးစားပါတယ်။ ဘာလို့လဲဆိုရင် သူတို့က ထိပ်တန်းအဆင့်ရှိတဲ့ ရလဒ်တွေ ရအောင် စွမ်းဆောင်နိုင်ကြပြီးတော့ အနိုင်ရလဒ်ကို ပုံဖော်နိုင်စွမ်း ရှိကြလို့ပါ။ ဒါပေမယ့် သူတို့က တစ်ကိုယ်ကောင်း ဆန်ကြတယ်။ သူတို့က သူတို့ရဲ့ အသင်း အတွက်ပဲ ကြည့်ကြတယ်။ သူတို့က ရှက်ဖီးယူနိုက်တက် အသင်း အတွက် စိတ်မပူကြပါဘူး။ သူတို့က အင်္ဂလန် အတွက် စိတ်မပူကြပါဘူး။ သူတို့ စိတ်ပူတာ က လီဗာပူး၊ မန်စီးတီး နဲ့ ချယ်လ်ဆီး လောက်ပဲ။ ကျွန်တော်သာဆိုရင်လည်း အတူတူပဲ နေမှာပါ။ ဒါပေမယ့် ကျွန်တော်က ရှက်ဖီး အတွက် စိတ်ပူတယ်။ လူစားလဲခွင့် ၅ ကြိမ်က ကျွန်တော်တို့ အသင်းတွေ အတွက်တော့ အကူအညီ မဖြစ်စေပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။