ယခုနှစ် ဘောလုံးရာသီမှာမှ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ တန်းတက်လာနိုင်ခဲ့တဲ့ မစ်ဒယ်ဘရော့ရဲ့ နည်းပြချုပ်ဖြစ်သူ ဝိုင်ဒါကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူတို့အသင်းကနေ နော်တင်ဟမ် ဖောရက်စ်ဆီ တရာသီအငှားနဲ့ သွားရောက် ကစားခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် ဒီဂျက် စပန့်စ်ကို ရာသီသစ်မှာ အသင်းနဲ့အတူ မြင်ရဖို့ အတော်လေး ခက်ခဲကြောင်း ဝန်ခံသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် ညာနောက်ခံလူ ဒီဂျက် စပန့်စ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးထံ ပြောင်းရွှေ့ဖို့ နီးစပ်နေသူ ဖြစ်ပြီး စပါးက သူ့ကို ခေါ်ယူနိုင်ဖို့ မစ်ဒယ်ဘရော့နဲ့ရော ၊ သူ့ရဲ့ အေးဂျင့်နဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Team Talk

အင်္ဂလန် ယူ-၂၁ လက်ရွေးစင် ညာနောက်ခံလူ ဒီဂျက် စပန့်စ်က နော်တင်ဟမ် ဖောရက်စ်ကို ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ်ဆီ တက်လှမ်းလာနိုင်အောင် အဓိက ကူညီပေးခဲ့သူ တဦး ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နော်တင်ဟမ် ဖောရက်စ်အတွက် ပြိုင်ပွဲစုံ ၅၀ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ စပါးက ယခု နွေဈေးကွက် စတင်ချိန်မှာပဲ သူ့ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပြီး စပန့်စ်ကလည်း နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပါတယ်။

Photo Credit: Team Talk

ယခုအချိန်မှာတော့ စပန့်စ်ရဲ့ အပြောင်းအရွှေ့ အတွက် စပါးနဲ့ မစ်ဒယ်ဘရော့တို့ ကြားထဲမှာ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မစ်ဒယ်ဘရော့ နည်းပြချုပ် ဝိုင်ဒါကတော့ သူတို့အသင်းဟာ စပန့်စ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ မလွယ်ကူကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဝိုင်ဒါက – “ကျွန်တော်တို့ကတော့ စပန့်စ်ရဲ့ အပြောင်းအရွှေ့ ဖြစ်လာလိမ့်မယ်လို့ပဲ တွက်ဆထားပါတယ်။ အကယ်၍ အပြောင်းအရွှေ့ မဖြစ်ခဲ့ရင်တော့ သူက ကျွန်တော်တို့ရဲ့ ကစားသမား အဖြစ် ဆက်ရှိနေပါလိမ့်မယ်။ ကျွန်တော်တို့အသင်းရဲ့ အမြင်ကို ပြောရရင် စပန့်စ်ရဲ့ အပြောင်းအရွှေ့ကို လက်ခံပေးနိုင်ပေမယ့် မှန်ကန်တဲ့ ပြောင်းရွှေ့ကြေး တရပ် ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့က အသင်းမှာ မနေချင်တဲ့ ဘယ်သူ့ကိုမှ ဆွဲမထားသလို နည်းပြတဦးအနေနဲ့ ကျွန်တော်က အသင်းမှာ နေချင်တဲ့ ကစားသမားတွေကိုပဲ အသုံးပြုဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ တရပ် ဖြစ်လာဖို့ ဆိုရင် သုံးဦး ၊ သုံးဖက်ကြားမှာ သဘောတူညီမှု ရဖို့ လိုအပ်ပါတယ်” ဆိုပြီး စပန့်စ်ရဲ့ အပြောင်းအရွှေ့ကို ဝန်ခံသွားခဲ့တာပါ။