လက်ရှိအချိန်မှာ အသက်၂၅နှစ်အရွယ် ရှိနေပြီဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ အင်္ဂလန် တောင်ပံကစားသမား စတာလင်းဟာ သူ့ကို မွေးထုတ်ပေးခဲ့တဲ့ လီဗာပူးအသင်းကို ခြေစုန် ကန်ခဲ့တဲ့သူအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့သူဖြစ်ပြီး လက်ရှိမှာ စတာလင်းကို လီဗာပူး အကယ်ဒမီကနေ အသင်းကြီးမှာ နေရာပေးခဲ့တဲ့ လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာက သူ့တပည့်ဟောင်းဟာ ပရိသတ်တွေ ထင်သလို မဟုတ်ပါဘူး လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ စတာလင်းဟာ မန်စီးတီး အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်၄၉သန်းနဲ့ ပြောင်းရွှေ့ခဲ့အပြီးမှာ ပြည်တွင်းဖလားအစုံကို ရယူနိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း ကမ္ဘာ့ အကောင်းဆုံး တောင်ပံကစားသမားတွေထ​ဲက တစ်ဦးအဖြစ် ခြေစွမ်းပြသထားနိုင်ပါတယ်။

Photo Credit: Standard.com

စတာလင်းဟာ ဘရန်ဒန်ရော်ဂျာ လီဗာပူး အသင်းကို ကိုင်တွယ်စဉ်မှာ လီဗာပူးအသင်းရဲ့ လူငယ်အသင်းတွေမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အသင်းကြီးထံ ခေါ်ယူခံခဲ့ရပြီး တိုက်စစ်ပိုင်းမှာ ဆွာရက်ဇ် ၊ စတားရစ်တို့နဲ့ တွဲဖက်ကာ ပြိုင်ဖက်အသင်းတွေကို ဒုက္ခပေးနိုင်ခဲ့သူပါ။ စတာလင်းဟာ အဆိုပါအချိန်ထဲက သူ့ရဲ့လျင်မြန်မှုတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ နာမည်ကြီးနေသူဖြစ်ကာ သူ့ရဲ့အရည်အသွေးတွေကို သတိထားမိတဲ့ မန်စီးတီးအသင်းဟာ အဆိုပါ ရာသီကုန်ချိန်မှာပဲ စတာလင်းကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ လီဗာပူးအသင်းက မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချဖို့ လုပ်ခဲ့ပေမယ့် စတာလင်းက အသင်းထံမှာ မနေချင်တော့တာကြောင့် ရောင်းထုတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

လက်ရှိအချိန်မှာ လက်စတာအသင်းကို နည်းပြနေတဲ့ ဘရန်ဒန်ရော်ဂျာက သူ့ရဲ့ တပည့်ကို ဝေဖန်မှုတွေ ပြုလုပ်နေကြတဲ့ ပရိသတ်တွေကို စတာလင်းတစ်ယောက် အသင်းပြောင်းစဉ် ကာလမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေနဲ့ ပတ်သတ် ပြီး ရှင်းလင်းပြောဆို သွားခဲ့ပါတယ်။ ရော်ဂျာ က ” ရာဟမ်(စတာလင်း)အတွက် ပိုက်ဆံက ဘယ်တုန်းကမှ အရေးမကြီးခဲ့ပါဘူး။ သူသာ လစာများများလိုချင်ရင် အဲ့ဒီအချိန်တုန်းက လီဗာပူးမှာပဲ ဆက်နေခဲ့မှာပါ။ အဲ့ဒီအချိန်တုန်း က မန်စီးတီးအသင်းဟာ ထိပ်တန်းအစုအဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်​ပါတယ်။ ဒီတော့ စတာလင်းက ထိပ်တန်းကစားသမားတွေနဲ့ အတူတွဲကစားဖို့ကို ရွေးချယ်ခဲ့တာပါ။ သူက ဘယ်လိုမျိုးတိုးတက်ခဲ့ပြီး အောင်နိုင်သူဖြစ်လာသလဲဆိုတာကို ခင်ဗျားတို့ အခု မြင်နေရပါပြီ ” လို့ ရှင်းပြသွားခဲ့ပါတယ်။