ကမ္ဘာ့ဘောလုံးလောကမှာ သက်ရှိဂန္တဝင် တစ်ဦးအဖြစ် တင်စားခံထားရတဲ့ လီယွန်နယ် မက်ဆီကတော့ သူဟာ ဘာ့ကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်နေလဲဆိုတာကို ထပ်မံပြီးတော့ သက်သေပြသွားခဲ့ပါတယ်။ မက်ဆီဟာ မနေ့ညက ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ အီဘာအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်ဦးတည်း လေးဂိုးသွင်းယူပေးခဲ့ကာ သူ့ရဲ့ကစားသမားဘဝမှာ သွင်းဂိုး + ဖန်တီးမှု ၁၀၀၀ဂိုး ကျော်သွားခဲ့တယ်လို့ သိရှိရပါတယ်။
Photo Credit: Bleacher Report Football.com
နူးကမ့်မှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ အီဘာအသင်းကို ပွဲအစ ပွဲအဆုံး ဖိအားပေးကစားနိုင်ခဲ့ပြီး မက်ဆီဟာလဲ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြသသွားခဲ့ကာ ပွဲကစားချိန် ၁၄မိနစ် ၊ ၃၇မိနစ် ၊ ၄၀မိနစ် ၊ ၈၇ မိနစ်တို့မှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုး ၄ဂိုးကြောင့် မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝမှာ စုစုပေါင်း သွင်းဂိုး ၆၉၆ ဂိုးအထိ ရှိလာခဲ့သလို ယခုနှစ်ဘောလုံးရာသီမှာ လာလီဂါသွင်းဂိုး ၁၈ဂိုးအထိ ရှိလာခဲ့ပြီး ဥရောပ ဂိုးသွင်းဘုရင်ဆုဖြစ်တဲ့ ရွှေဖိနပ်ဆုအတွက် အခြေအနေပြန်ကောင်းလာခဲ့ပါတယ်။
Photo Credit: Bleacher Report Football.com
အဆိုပါပွဲစဉ်ပြီးဆုံးချိန်မှာတော့ မက်ဆီဟာ သူ့ရဲ့ကစားသမားဘဝမှာ ကလပ်အသင်းနဲ့ နိုင်ငံ အသင်းအတွက် ဂိုးပါဝင်ပတ်သတ်မှုဟာ ၁၀၀၂ ဂိုးအထိ ရှိသွားခဲ့ပြီလို့ မှတ်တမ်းတွေအရ သိရပါတယ်။ မက်ဆီဟာ ကစားသမားဘဝမှာ သွင်းဂိုး ၆၉၆ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၀၆ကြိမ်အထိ ပါဝင် ပတ်သတ်ထားတဲ့သူပါ။ ဒါ့အပြင် မက်ဆီဟာ ယခုနှစ်ဘောလုံးရာသီမှာလည်း ဘာစီလိုနာ အသင်းအတွက် ပွဲ ၂၀ကစားပေးထားချိန်မှာ ၁၈ဂိုး သွင်းယူထားကာ ၁၂ဂိုးဖန်တီးပေးထားခဲ့သူလည်း ဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေကတော့ ဒီအချက်တွေကြောင့် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါလို့ ပြောဆိုနေကြပါတယ်။ ပရိသတ်ကြီးရဲ့ အမြင်ကရောဗျ…..?