ဂျုဗင်တပ်စ်အသင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက လိုင်ယွန်အသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဝေးဂိုးစည်းမျဉ်းနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် သူတို့အသင်းရဲ့နည်းပြဖြစ်သူ မာရီဇီယိုဆာရီကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဆာရီရဲ့နေရာမှာလည်း နည်းပြသစ် အစားထိုးခန့်အပ်မှုကို အလျင်အမြန်ပြုလုပ်ခဲ့ပါတယ်။ သတင်းတွေ ထွက်ပေါ်နေသလို ပိုချက်တီနို အယ်လီဂရီတို့ နည်းပြအဖြစ် ခန့်အပ်မှုမရှိခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းဟာ ဆာရီရဲ့နေရာအတွက် မကြာသေးခင်ကမှ ရက်ပိုင်းကမှ အသင်းရဲ့ ယူ-၂၃နည်းပြအဖြစ်နဲ့လည်း တာဝန်ပေးထားခဲ့တဲ့ ကစားသမားဟောင်း ပီယာလိုကိုပဲ နည်းပြသစ်အဖြစ်နဲ့ အံ့အားသင့်ဖွယ် ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Twitter

တကယ်တော့ ဂျုဗင်တပ်စ်အသင်းဘက်က ပိုချက်တီနို ဇီဒန်း အယ်လီဂရီတို့ကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်ခဲ့မှာသေချာပေမယ့် ကိုဗစ်ဂယက်ကြောင့် အသင်းရဲ့ဝင်ငွေပိုင်း စီးပွားရေးပိုင်းမှာ ထိခိုက်သွားခဲ့ရတဲ့အပြင် ဆာရီကို ခန့်အပ်ခဲ့စဉ်တုန်းကလည်း (၃)နှစ်စာချုပ် ချုပ်ဆိုထားခဲ့လို့ အခုလို အသင်းကနေ ထုတ်ပယ်လိုက်ချိန်မှာ ဆာရီကို စာချုပ်လျော်ကြေး ပေးရမှာလည်းဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းဘက်ကနေ အလိုရှိနေခဲ့တဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုရဲ့ တစ်နှစ်လုပ်ခက ပေါင်(၈)သန်းလောက်အထိကိုရှိနေပြီး ဇီဒန်းဆိုရင်လည်း ပေါင်(၁၀)သန်းလောက် ရှိနေတာမို့ လုပ်ခလစာသက်သာတဲ့ ပီယာလိုကို ရွေးချယ်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Goal

နောက်တစ်ချက်ဆိုရင်တော့ ပီယာလိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဂျုဗင်တပ်စ်အသင်းရဲ့Key Players တွေဖြစ်တဲ့ ချီလီနီိ ရော်နယ်ဒိုနဲ့ ဘူဖွန်တို့ကပါ အားပေးထောက်ခံမှုတွေ လုပ်ဆောင်ခဲ့တာလည်း ပါဝင်ပါတယ်။ ကစားသမားဘဝမှာကတည်းက အရမ်းကို အောင်မြင်ခဲ့တဲ့ ပီယာလိုဟာ ဂျုဗင်တပ်စ်နည်းပြဟောင်းတွေဖြစ်တဲ့ ကွန်တီနဲ့ အယ်လီဂရီလက်အောက်တို့မှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး သူရဲ့အတွေးအခေါ်ပိုင်းမှာတော့ ဆရာဟောင်း အယ်လီဂရီနဲ့ ခပ်ဆင်ဆင်လေး ဖြစ်နေပါတယ်။ အသင်းရဲ့ခံစစ်ပိုင်းကို လုံးဝတောင့်တင်းခိုင်မာနေအောင် ဦးစားပေးပြီး အသင်းရဲ့တိုက်စစ်နေရာစုံကနေ ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်တဲ့နည်းစနစ်မျိုးနဲ့ ဂျုဗင်တပ်စ်အသင်းကို ပဲ့ကိုင်သွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စီးရီးအေချန်ပီယံဆုပဲ ရယူနိုင်ခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းကို ဆက်လက်တာဝန်ယူရမယ့် နည်းပြအတွေ့အကြုံနုနယ်နေသေးတဲ့ ပီယာလိုအတွက် ဖိအားဒဏ်က ကြီးမားနေနိုင်ပါတယ်။ သို့ပေမယ့်လည်း ပီယာလိုကို အသင်းရဲ့အဓိက ကစားသမားတွေအပြင် အသင်းဥက္ကဌ အက်ဂါနယ်လီနဲ့ ဒုဥက္ကဌဖြစ်သူ နက်ဗက်တိုရဲ့ထောက်ခံအားပေးမှုကို ရယူထားနိုင်တာဖြစ်လို့ ပီယာလိုရဲ့လက်အောက်က ဂျုဗင်တပ်စ်ရဲ့အနာဂတ်တွေ တောက်ပလာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။