အီတလီလက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂ဝမှာ ချန်ပီယံဆုဖလားကြီးကို ရယူနိုင်ခဲ့သလို ပြိုင်ပွဲတလျှောက် အကောင်းဆုံး ကစားသမားဆုကို ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ဂိုးသမား ဒွန်နာရမ်မာဟာ မကြာသေးခင်ကပဲ အေစီမီလန်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေး (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပေမယ့်လည်း အသင်းသစ် ပီအက်စ်ဂျီမှာတော့ သူအနှစ်သက်ရဆုံး ကျောနံပါတ်(၉၉)ကို ဝတ်ဆင်ကစားခွင့်ရမှာ မဟုတ်ပါဘူး။

Photo Credit : Footy Headlines

အသက်(၂၂)နှစ်အရွှယ်သာ ရှိနေသေးတဲ့ အီတလီလက်ရွေးစင် ဂိုးသမား ဒွန်နာရမ်မာဟာ သူရဲ့အသင်းဟောင်း မီလန်မှာ စတင်ပွဲဦးထွက်ခဲ့တဲ့ (၁၆)နှစ်သားအရွှယ်မှာကတည်းက သူရဲ့မွေးသက္ကရာဇ်ဖြစ်တဲ့ ၁၉၉၉ခုနှစ်ရဲ့ နောက်ဆုံး (၉၉)ကို ကျောနံပါတ်အဖြစ် တောက်လျှောက်ဝတ်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လာချိန်မှာတော့ နံပါတ်(၉၉)ကို လုံးဝဝတ်ဆင်ခွင့် မရှိတဲ့အပြင် ကစားသမားသစ်တစ်ဦး ခေါ်ယူလို့အပြီး (၇၂)နာရီအတွင်း ကစားသမားရဲ့ ကျောနံပါတ်ကို စာရင်းသွင်းရမယ်ဆိုတဲ့ စည်ကမ်းချက်ကြောင့် ကျောနံပါတ်(၅၀)ကို အလျင်အမြန် သတ်မှတ်ပေးထားရတာ ဖြစ်ပါတယ်။

Photo Credit : Footy Headlines

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာ လီဂူးဝမ်းနဲ့ လိဂ်ဂူးတူးပြိုင်ပွဲတွေအတွင်း ဂိုးသမားတွေအနေနဲ့ ကျောနံပါတ်တွေအဖြစ် (၁) (၁၆) (၃၀)တို့ကိုသာ ဝတ်ဆင်ရမယ်လို့ စည်းကမ်းသတ်မှတ်ထားတာဖြစ်ပေမယ့် အသင်းမှာ ရှိရင်းစွဲ ဂိုးသမားတွေဖြစ်တဲ့ ကေလာနာဗက်စ် ဆာဂျီယိုရစ်ကိုနဲ့ လတ်တလီယာတို့က ဒီကျောနံပါတ်တွေအားလုံးကို ရယူထားကြတာဖြစ်သလို အငှားပြည့်လို့ ပြန်ရောက်လာတဲ့ ဂိုးသမား ဒန်းနစ်ဖရန်ချီမှာလည်း သတ်မှတ်ခွင့် ရနိုင်သေးတဲ့ ကျောနံပါတ် (၄၀)ကို ရရှိထားတာဖြစ်လို့ ဂိုးသမားသစ် ဒွန်နာရမ်မာကို ကျောနံပါတ်(၅၀)အဖြစ် အမြန်သတ်မှတ်ပေးထားရတာဖြစ်ပါတယ်။ လက်ရှိ ပီအက်စ်ဂျီအသင်းမှာ ဂိုးသမားများစွာ ရှိလို့နေပြီး အငှားစာချုပ်ပြည့်လို့ အသင်းကို ပြန်ရောက်လာတဲ့ ဂိုးသမားတွေပါ ရှိနေတဲ့အတွက် ဂိုးသမား(၅)ဦးထက် ကျော်လွန်ပြီး အသင်းမှာ ဆက်ထားဖို့ မလွယ်ကူတော့ကြောင့် ပြီးခဲ့တဲ့ရာသီအတွင်း ဖူလ်ဟမ်အသင်းမှာ အငှားထွက်ကစားခဲ့ရတဲ့ ဂိုးသမား အာရီယိုလာကိုလည်း အပြီးသတ်ရောင်းချ ဒါမှမဟုတ် အငှားချရတော့မှာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေထဲမှာ ရာမို့စ်ကို ကျောနံပါတ်(၄) ဟာကီမီကို ကျောနံပါတ် (၂) သတ်မှတ်ထားခဲ့ပေမယ့် ကွင်းလယ်လူ ဝိုင်နယ်ဒန်ရဲ့ ကျောနံပါတ်ကို သတ်မှတ်ပေးထားရခြင်း မရှိသေးပါဘူး။